နေပြည်တော်၊ သြဂုတ်(၅)
အရေးပေါ်ကာလသက်တမ်းကို ပူပူနွေးနွေးတိုးယူထားတဲ့ စစ်ကောင်စီက ကာကွယ်ရေးဝန်ကြီးအပါအဝင် ဝန်ကြီးတချို့ကို ပြောင်းလဲခန့်အပ်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းလိုက်တယ်လို့ ဩဂုတ် ၃ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။
အာဏာသိမ်းစစ်ကောင်စီဖွဲ့စည်းတဲ့ ပြည်ထောင်စုအစိုးရအဖွဲ့မှာ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးကို ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးအဖြစ် ပြောင်းလဲခန့်အပ်ပြီး အရင်ဝန်ကြီးဟောင်း ဗိုလ်ချုပ်ကြီးတင်အောင်ဆန်းကိုတော့ ကာကွယ်ရေးဝန်ကြီးအဖြစ် အလဲအလှယ်ခန့်အပ်ခဲ့ပါတယ်။
စစ်ကောင်စီ ငြိမ်းချမ်းရေးဆွေးနွေးရေးကော်မတီ (NSPNC) ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ကိုလည်း ပြည်ထဲရေးဝန်ကြီးအဖြစ် ပြောင်းလဲခန့်အပ်ပြီး အရင်ဝန်ကြီးဟောင်း ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်ကိုတော့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ၁ ရဲ့ ဝန်ကြီးအဖြစ် တာဝန်ပေးအပ်ခဲ့တာပါ။
ပြီးခဲ့တဲ့ အထွေထွေရွေးကောက်ပွဲမှာ အနိုင်ရခြင်းမရှိဘဲ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီခန့် လူကယ်ပြန်ဝန်ကြီးဖြစ်ခဲ့သူ ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဌ ဒေါက်တာသက်သက်ခိုင်ကိုတော့ ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးအဖြစ် ပြောင်းလဲခန့်အပ်ခဲ့ပါတယ်။
ဒါ့အပြင်သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးအဖြစ် ဦးတင်ဦးလွင်ကို ပြောင်းလဲခန့်အပ်ပြီး အရင်သာသနာရေးဝန်ကြီးဟောင်းဦးကိုကို ကိုတော့ ဝန်ကြီးနေရာသစ် ပြောင်းလဲခန့်အပ်တာမရှိဘဲ ရာထူးကနေ အနားပေးခံခဲ့ရတာပါ။
အမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးချုပ်ရုံးပြောခွင့်ရ ဦးနေဘုန်းလတ်ကတော့ ဖြုတ်ထုတ်သတ် လမ်းစဉ်ကျင့်သုံးမှုဟာ စစ်အုပ်စုအတွင်း အက်ကြောင်းတွေကြီးနေပြီးဆိုတာ ဖော်ပြနေတာလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“သူတို့အထဲမှာ အချင်းချင်း အခုလိုဖြုတ်ထုတ်ခန့်တွေ လုပ်နေတဲ့ကိစ္စက အကြမ်းဖက်စစ်အုပ်စုအတွင်း ဘယ်လောက်တောင်မှ အက်ကြောင်းတွေကြီးနေပြီဆိုတာကို ဖော်ပြနေတယ်။ ဒါတော့ အုပ်ချုပ်ရေးအပိုင်းရဲ့ ကွဲအက်မှုပေါ့။ စစ်ရေးပိုင်းမှာ ကြည့်မယ်ဆိုရင် မင်းအောင်လှိုင်တို့လို အာဏာရှင်ခေါင်းဆောင်တွေနဲ့ တိုင်းမှူးတွေ၊ အောက်ခြေက ဗိုလ်မှူးတွေ၊ ဗိုလ်ချုပ်တွေစသဖြင့် ဒီဟာတွေကြားထဲမှာလည်း အာဏာဖီဆန်မှုတွေ၊ အမိန့်မနာခံမှုတွေ ဒါတွေလည်း တောက်လျှောက်ဖြစ်နေတယ်။ ပြည်သူ့ရင်ခွင်ခိုလှုံမှုတွေလည်း တောက်လျှောက်ဖြစ်နေတယ်။ အဲဒီတော့ စစ်တပ်အတွင်းသာမက အုပ်ချုပ်ရေးမှာပါ အက်ကြောင်းတွေထပြီး မကြာမီအချိန် စစ်တပ်ဟာ အစိတ်စိတ်အမွှာမွှာပြိုကွဲတော့မယ့် လက္ခဏာလို့ပဲ သုံးသပ်ပါတယ်”လို့ သူက ဆိုပါတယ်။
စစ်ကောင်စီကတော့ လက်ရှိတိုးယူထားတဲ့ အရေးပေါ်သက်တမ်းမှာ ချမှတ်ထားတဲ့ ရှေ့လုပ်ငန်းစဉ် ၅ ရပ်နဲ့ ဦးတည်ချက် ၁၂ ရပ်ကို ပိုမိုမြန်ဆန်ထိရောက်အောင် အကောင်အထည်ဖော်နိုင်ဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ပြည်ထောင်စုအစိုးရအဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းတာလို့ ဆိုထားပါတယ်။
ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းကလည်း စစ်ကောင်စီအနေနဲ့ ရှေ့လုပ်ငန်းစဉ်တွေ အကောင်အထည်ဖော်ဖို့ဟာ စစ်ရေးနဲ့အများကြီးပတ်သက်တဲ့အတွက် တာဝန်ရှိသူတွေကို အလဲအလှယ်လုပ်ရုံနဲ့ ပြီးမယ့်ကိစ္စမဟုတ်ဘူးလို့ ထောက်ပြပါတယ်။
“ရှေ့လုပ်ငန်းစဉ်တွေကို အကောင်အထည်ဖော်ဖို့ဆိုတာကလည်းပဲ စစ်ရေးနဲ့အများကြီးပတ်သက်တဲ့ လုပ်ငန်းစဉ်တွေဆိုတော့ အောက်ခြေမှာ တာဝန်ရှိသူတွေကို အလဲအလှယ်လုပ်ရုံနဲ့ ပြီးမယ့်ကိစ္စတော့ မဟုတ်ဘူး။ အလဲအလှယ်လုပ်တယ်ဆိုတာ သူတို့မှာအသုံးတည့်တဲ့သူကို ပြန်ခန့်တာရှိတယ်။ အသုံးမတည့်တဲ့သူကို ဖြုတ်တယ်။ တကယ်တမ်းကျ ဘယ်သူ့ပဲဖြုတ်ဖြုတ်၊ ဘယ်သူ့ပဲခန့်ခန့်၊ အကုန်လုံးဟာ ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်မှာ မူတည်ပြီးတော့ အဆုံးအဖြတ်တွေ ဖြစ်ကြရတာပါ”လို့ သူက ဆိုပါတယ်။
နိုင်ငံရေးအကဲခတ်တွေနဲ့ တော်လှန်ရေးအင်အားစုတွေကတော့ စစ်ကောင်စီအနေနဲ့ ဩဂုတ် ၁ ရက်နေ့ကစပြီး နောက်နှစ်ဇန်နဝါရီလကုန်အထိ အာဏာဆက်ယူထားတဲ့ အရေးပေါ်ကာလအတွင်း တိုင်းပြည်ကို တည်ငြိမ်အောင် ထိန်းချုပ်နိုင်မှာ မဟုတ်ဘူးလို့ မှတ်ချက်ပြုကြပါတယ်။
ဩဂုတ် ၂ ရက်နေ့ကလည်း ကောင်စီအဖွဲ့ဝင်တချို့ကို ပြင်ဆင်ဖွဲ့စည်းခဲ့ပြီးနောက် ပြည်ထောင်စုဝန်ကြီးတွေ အပါအဝင် ထိပ်ပိုင်းအရာရှိတချို့ကိုလည်း ကျန်းမာရေးအရဆိုပြီး ရာထူးကနေ ဖယ်ရှားခဲ့ပါသေးတယ်။
အသစ်ပြင်ဆင်ဖွဲ့စည်းခဲ့တဲ့ ကောင်စီအဖွဲ့နဲ့ ပြည်ထောင်စုအစိုးရအဖွဲ့မှာတော့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းတို့ကတော့ နဂိုရယူထားတဲ့ ရာထူးအတိုင်း အပြောင်းအလဲမရှိ ဆက်ရှိနေပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-AP/MOI