ထားဝယ်၊ သြဂုတ်(၅)

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာအနီးမှာ စစ်ကောင်စီတပ် ကြားဖြတ်တိုက်ခိုက်ခံရပြီးနောက် နည်းပညာတက္ကသိုလ်ကျောင်းသားတွေအပါအဝင် ဒေသခံ ၃၀ နီးပါး ဖမ်းဆီးခံလိုက်ရတယ်လို့ တော်လှန်ရေးအင်အားစုတွေထံကနေ သိရပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၃ ရက်နေ့ ညနေ ၄ နာရီလောက်မှာ ရေဖြူမြို့နယ်ကနေ ထားဝယ်ဘက်ကို မြေတင်ကားနဲ့ ဆင်းလာတဲ့ တပ်အင်အား ၂၀ နီးပါးပါတဲ့ စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။

အဲဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး သေဆုံးပြီး ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က PDF ရဲဘော်တစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ထားဝယ်ပြောက်ကျားတော်လှန်ရေးတပ်ဖွဲ့(DGRF) ပြန် ကြားရေးတာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။

တိုက်ခိုက်ခံရပြီးနောက် အထိနာခဲ့တဲ့ စစ်ကောင်စီတပ်ဟာ စစ်ကူလာတဲ့ တပ်အင်အား ၄၀ ကျော်နဲ့ မောင်မယ်ရှောင်ကျေးရွာထဲ ဝင်ရောက်လာပြီးနောက် ကျေးရွာအတွင်းရှိ ဒေသခံ ၃၀ နီးပါးကို လူသားဒိုင်းကာအဖြစ် ဖမ်းဆီးသွားခဲ့တာပါ။

အဲဒီနောက် စစ်ကောင်တပ်ဟာ ဒေသခံတွေကို လဟာတပ်တွင်း ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ညနေပိုင်းမှာပဲ ဖမ်းဆီးထားတဲ့ ဒေသခံအများစုကို ပြန်လွှတ်ပေးခဲ့ပေမယ့် ထားဝယ်နည်းပညာတက္က သိုလ်ကျောင်း သား ၄ ဦးကိုတော့ ဆက်လက်ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

မောင်မယ်ရှောင်ကျေးရွာထဲ စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်ဝင်ရောက်မှုကြောင့် ဒေသခံနေအိမ် ၁၀လုံးနီးပါး ကျည်ဆံထိမှန်ပျက်စီးတာတွေ ဖြစ်ပေါ်ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ထားဝယ်နည်းပညာတက္ကသိုလ်နဲ့နီးတဲ့ မောင်မယ်ရှောင်ကျေးရွာ ပတ်ဝန်းကျင်မှာ မကြာခဏ တိုက်ခိုက်ခံနေရတဲ့အတွက် စစ်ကောင်စီတပ်ဟာ ဒေသခံတွေကို အမြဲလိုလူသားဒိုင်းကာအဖြစ် ဖမ်းဆီးတာတွေရှိနေပါတယ်။

တနင်္သာရီတိုင်းထဲမှာ ပြီးခဲ့တဲ့ဇူလိုင်လအတွင်း ဒေသခံ ၁၀၀ ကျော် ဖမ်းဆီးခံရပြီး အများစုကို စစ်ကောင်စီက ပုဒ်မအမျိုးမျိုးတပ်ပြီး အမှုဖွင့်အရေးယူထားတယ်လို့ ဒေသတွင်း သုတေသနအဖွဲ့အစည်းတွေက ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-D.G.R.F

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.