ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေထဲမှာ စစ်ကောင်စီတပ်ရဲ့ အရပ်သားတွေအပေါ် ပစ်မှတ်ထားတဲ့ လက်နက်ကြီးအပြင် လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူလူထု ၆ သိန်းနီးပါး နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ ဒါကြောင့် ပြီးခဲ့တဲ့ ဇူလိုင်လနဲ့အခုလအတွင်း စစ်ကောင်စီတပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု၊ လူသားဒိုင်းကာအဖြစ် ဖမ်းဆီးအသုံးပြုမှု၊ စစ်ရှောင်ပြည်သူတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲ၊ စိန်ခေါ်မှုတွေနဲ့ ပတ်သက်ပြီး ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG စည်းရုံးလှုံ့ဆော်ရေး တာဝန်ခံ စောနန္ဒဆူးနဲ့ ဆက်သွယ်မေးမြန်းချက်။

၁။ အရင်ဆုံး KNU နယ်မြေအတွင်း ပြီးခဲ့တဲ့ ဇူလိုင်လနဲ့ အခုလတွေထဲမှာ အရပ်သားပြည်သူအပေါ် ပစ်မှတ်ထားပြီး စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေတွေ ဘယ်လိုတွေ့နေရလဲ။

၂၀၂၃ခုနှစ် ဇူလိုင်လအထိ စစ်ကောင်စီရဲ့ ပစ်မှတ်ထားတိုက်ခိုက်မှုနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုက လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီးနဲ့ တိုက်ခိုက်မှုတွေ၊ ရွာသူရွာသားတွေရဲ့ ပိုင်ဆိုင်မှုတွေကို ဖျက်ဆီးတာတွေ၊ အထူးသဖြင့် အိမ်တွေမီးရှို့ဖျက်ဆီးတာမျိုးတွေပေါ့။ စာသင်ကျောင်း၊ ဆေးပေးခန်းနဲ့ ဘာသာရေး အဆောက်အအုံ စတာတွေကို လေကြောင်းလက်နက်ကြီးတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမျိုးတွေ ဆက်လက်ရှိနေသလိုပဲ တရားလက်လွတ်ဖမ်းဆီးမှု၊ လုယူမှုတွေကလည်း ဆက်လက်ပြီးတော့ ဖြစ်ပွားတယ်။

၂။ ကျေးရွာတွေထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်က ဒေသခံတွေကို ဖမ်းဆီးသတ်ဖြတ်ပြီး လူသားဒိုင်းကာတွေအဖြစ် အသုံးချနေတာရှိတယ်၊ တချို့ ဖမ်းခံနေရတဲ့သူတွေဆို စစ်ကောင်စီက ခုထက်ထိ ပြန်မလွတ်သေးဘူး။ ဒီအခြေအနေနဲ့ ပတ်သက်ပြီး KHRG အနေနဲ့ ဘာများဖြည့်စွက်ပြောနိုင်မလဲ။

ရွာသားတွေကို လူသားဒိုင်းသဖွယ်အသုံးပြုပြီးတော့ ၂၀၂၁ကတည်းက ဖြစ်ပွားနေတာကိုတော့ ကျွန်တော်တို့ရဲ့ မှတ်တမ်းပြုစုချက်အရ တွေ့ရှိရတယ်။ လတ်တလောမှာလည်း ရွာသားတွေကို လူသားဒိုင်းအဖြစ် အသုံးပြုတာနဲ့ ပတ်သက်တဲ့ အစီရင်ခံစာတစ်စောင်လည်း ကျွန်တော်တို့ သုံးသပ်ရေးသားထုတ်ဝေထားတာ ရှိတယ်။ ရွာသားတွေကို လူသားဒိုင်းအဖြစ် အသုံးပြုတဲ့အဖြစ်လည်း ကျွန်တော်တို့က မီးမောင်းထိုးပြထားတယ်။

အခြေခံအားဖြင့် ရွာသားတွေက လူသားဒိုင်းအဖြစ် အသုံးပြုခံရတဲ့အခါမှာ သူတို့တွေကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်တွေက ရွာသားတွေကိုပေါ်တာ လမ်းပြအနေနဲ့ သူတို့စားနပ်ရိက္ခာတွေကို သယ်ယူဖို့ လူသားဒိုင်းကာအဖြစ် အသုံးပြုနေတာတွေကို ကျွန်တော်တို့ တွေ့ရှိရပါတယ်။ ၂၀၂၁ကာလအတွင်းမှာ လူသားဒိုင်းအဖြစ် အကြီးမားဆုံးအသုံးပြုတာ။ တပ်မဟာ(၁) မှာလည်း ပေါ်တာအဖြစ် စစ်သားတွေရှေ့မှာ နေရာချထားတယ်။ ကလေးသူငယ်၊သက်ကြီးရွယ်အို အသက်၆၀ကျော်တွေလည်း ပါဝင်တယ်။ သူတို့အသက်အန္တရာယ်က အင်မတန်ကြီးမားတယ်။ တချို့ဖြစ်စဉ်တွေမှာဆို အဝတ်အစားလဲခိုင်းပြီးတော့ BGF စစ်သားယူနီဖောင်းကို ဝတ်ခိုင်းပြီး ဒါမျိုးတွေရှိတယ်။ လူသားဒိုင်းအဖြစ် အသုံးပြုတော့ ရွာသားတွေကို BGFအဖြစ်တိုက်ခိုက်ခံရနိုင်တယ်။

သူတို့က ရွာသားတွေကို လူသားဒိုင်းအဖြစ် အသုံးပြုတော့ လူမဆန်စွာဆက်ဆံတယ်။ အသက်အန္တရာယ် ကြီးမားတဲ့ အခြေအနေမှာ ထားကြတယ်။ ဆေးဝါးကအစ အစာရေစာလုံလောက်စွာလည်း ပေးတာမျိုး မရှိဘူး။ ရုပ်ပိုင်းဆိုင်ရာ ညှင်းပန်းနှိပ်စက်မှုတွေ ပြုလုပ်တာတွေ ရှိတယ်။ လူ့အခွင့်အရေးရဲ့ စံချိန်စံညွှန်းမူဝါဒအနေနဲ့ ကြည့်ရင် ရွာသားတွေကို လူသားဒိုင်းအဖြစ် အသုံးပြုခြင်းက စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်ရာရောက်တယ်။ စိတ်ဒဏ်ရာရစေသလိုပဲ အသက်မွေးဝမ်းကျောင်းကို ထိခိုက်ရာရောက်စေတယ်။

၃။ ပြီးခဲ့တဲ့ ဇူလိုင်လ ၁ လအတွင်းမှာ ညောင်လေးပင်ခရိုင် တပ်မဟာ ၃ နဲ့ တောင်ငူခရိုင် တပ်မဟာ ၂ နယ်မြေတွေမှာ စစ်ကောင်စီတပ်က အရပ်သားအပေါ်ပစ်မှတ်ထားပြီး ဗုံးကြဲတာ၊ လက်နက်ကြီးပစ်တာတွေ ရှိတယ်။ နောက်ဘာသာရေးအဆောက်အဦးအပြင် နေအိမ်တွေ အများအပြားပျက်စီးခဲ့ရတယ်။ အဲ့ဒီခရိုင် ၂ ခုက အခြေအနေတွေနဲ့ ပတ်သက်ပြီး သိရသလောက် ပြောပြပေးပါဦး။

လတ်တလော တပ်မဟာ၂၊ တပ်မဟာ၃ဘက်မှာလည်း ထိုးစစ်ဆင်မှုတွေ၊ တိုက်ခိုက်မှု၊ ထိခိုက်မှု လူ့အခွင့်အရေးချိုးဖောက်မှုတွေ ပိုမိုဖြစ်လာတယ်။ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးတိုက်ခိုက်မှု၊ ရွာသားတွေ ဒေသခံပြည်သူလူထုကလည်း ထိခိုက်ဒဏ်ရာရရှိသလို အသက်ဆုံးရှုံးမှုတွေကလည်း ကြုံတွေ့ရတယ်။ တရား လက်လွတ်ဖမ်းဆီးခြင်း ခံစားရတယ်။ နေရာရွှေ့ပြောင်းနေထိုင်မှုတွေ ကြုံတွေ့ရတယ်။  လက်နက်ကိုင်ပဋိပက္ခက တပ်မဟာ၁၊ တပ်မဟာ၅ ၊တပ်မဟာ၆လို သူတို့ရဲ့ အခြေအနေကလည်း အဲဒီလိုမျိုး ရှိလာတယ်။

၄။ တိုက်ပွဲတွေကြောင့် အရပ်သားပြည်သူလူထုအများအပြား ထွက်ပြေးတိမ်းရှောင်နေရတယ်။ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင်ဦးရေက KNU နယ်မြေထဲမှာ ခန့်မှန်းခြေ ဘယ်လောက်အထိ ရှိလာပြီးလဲ၊ လတ်တလောမှာ စစ်ဘေးရှောင်တွေ ဘာတွေရင်ဆိုင်ကြုံတွေ့နေရလဲ။

ထွက်ပြေးတိမ်းရှောင်နေရတဲ့ ပြည်သူလူထုတွေက KNUနယ်မြေထဲမှာ ခြောက်သိန်းဝန်းကျင်လောက်တော့ ရှိတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီး၊ ကလေးသူငယ် တွေဟာ ကျန်းမာရေးဝန်ဆောင်မှု ပိုလိုအပ်တယ်။

 ၅။ နောက်ဆုံးအနေနဲ့ တခြားဖြည့်စွက်ပြောလိုတာရှိရင် ပြောပြပေးပါဦး။

ကရင်ပြည်နယ် ခုနှစ်ခုလုံးမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ အင်မတန်မှ ဆိုးရွားနေပါတယ်။ လုံခြုံမှု လုံးဝ မရှိဘူး။ တရားဥပဒေစိုးမိုးမှု လုံးဝကိုအားနည်းနေတယ်။ ပြည်သူလူထုတွေ လူ့အခွင့်အရေးချိုးဖောက်မှု နေ့စဉ် ကြုံတွေ့နေရတယ်။ သေကြေထိခိုက်ဒဏ်ရာရကြတယ်။ စစ်ကောင်စီအနေနဲ့လည်း နေ့စဉ် စစ်ရာဇဝတ် မှု ၊ လူသားမျိုးနွယ်ပေါ် ကျူးလွန်မှု၊ ကျုးလွန်တဲ့ ရာဇဝတ်မှုနဲ့ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုစတဲ့ ကြီးလေးတဲ့ ဥပဒေတွေ ချိုးဖောက်မှုတွေကို စစ်ကောင်စီက တာဝန်ယူဖို့ တာဝန်ခံဖို့ ရှိလာအောင် နိုင်ငံတကာက ဝိုင်းဝန်းလုပ်ဆောင်ဖို့ လိုတယ်။ ပြည်သူလူထု ထိခိုက်နစ်နာမှုတွေကို တရားမျှတမှုရရှိလာအောင် ဝိုင်းဝန်းကူညီပံ့ပိုးပေးဖို့ လိုအပ်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.