မော်လမြိုင်၊ သြဂုတ်(၅)

အာဏာသိမ်း စစ်ကောင်စီလက်ထက်မှာ တစ်ဆထက်တစ်ဆမြင့်တက်လာတဲ့ ကုန်ဈေးနှုန်းနဲ့အတူ ဝင်ငွေနဲ့ထွက်ငွေ မမျှတမှုပြဿနာကြောင့် မိသားစုစားဝတ်နေရေး ပိုမိုကျပ်တည်းလာတယ်လို့ အိမ်ရှင်မတွေနဲ့ ဝန်ထမ်းတွေက တညီတညွတ်တည်း ညဉ်းတွားလာပါတယ်။

မီးဖိုချောင်သုံး ကုန်ပစ္စည်းတွေဖြစ်တဲ့ ဆန်အပါအဝင် အခြေခံစားသောက်ကုန်ဈေးနှုန်းတွေဟာ စစ်တပ်အာဏာသိမ်းတဲ့ နှစ်နှစ်ခွဲကျော်ကာလအတွင်း စစ်ကောင်စီရဲ့ စီမံခန့်ခွဲမှုအလွဲတွေနဲ့အတူ တင်းကျပ်ထားတဲ့ ကန့်သတ်ချက်တွေကြောင့် ဈေးပြန်မကျဘဲ တရွေ့ရွေ့မြင့်တက်နေတာပါ။

အဲဒီထဲမှာ အာဏာသိမ်းမသိမ်းခင် တစ်အိတ်ကျပ် ၃၀,၀၀၀ ကျော်သာရှိတဲ့ ပေါ်ဆန်မွှေးဟာ တစ်အိတ်ကို ကျပ် ၁ သိန်းဝန်းကျင်အထိ ဈေးနှုန်းမြင့်တက်လာသလို စာသုံးဆီကလည်း တစ်ပိဿာကို ကျပ် ၂,၀၀၀ ကျော်ကနေ ကျပ် ၈,၀၀၀ နီးပါးအထိ ၄ ဆကျော် ဈေးနှုန်းမြင့်တက်လာတာ ဖြစ်ပါတယ်။

ဒါ့အပြင် ကျပ် ၁၀၀ ဝန်းကျင်သာရှိတဲ့ ကြက်ဥ၊ ဘဲဥဈေးကလည်း ကျပ် ၄၀၀ နီးပါအထိ ဈေးနှုန်းမြင့်တက်လာသလို တစ်စည်းကျပ် ၅၀ လောက်သာရှိခဲ့တဲ့ ကန်စွန်းရွက်ဈေးကလည်း ကျပ် ၃၀၀ လောက်အထိ ဈေးနှုန်းမြင့်တက်နေတာပါ။

အိမ်ရှင်မတစ်ဦးကတော့ စစ်ကောင်စီလက်ထက် ကုန်ဈေးနှုန်းတွေ အဆမတန်ကြီးမြင့်လာတာကြောင့် ဝင်ငွေနဲ့ထွက်ငွေမမျှတမှုပြဿနာကို အကြီးအကျယ်ရင်ဆိုင်နေရသလို နေ့စဉ်ပုံမှန်စားသောက်ဖို့ပင် ခက်ခဲလာတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“အိမ်ငှားနေတယ်။ အမျိုးသားတော့ Taxiမောင်းတယ်။ ဝင်ငွေကတော့ ပုံမှန်မရှိဘူး။ တစ်ခါတလေကျရင် (၅၀၀၀) ရရင်ရတယ်၊ (၁၀၀၀၀) ရရင်ရတာပေါ့။ ကိုယ်ဝယ်ရတာတော့ တစ်နေ့ကိုဟင်းချက်စရာပဲ။ ကျန်တာဘာမှမပါရင်တောင်မှ (၄၀၀၀)လောက်ကုန်တယ်။ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်မပါဘူးပေါ့။ ဒါတောင်ဘဲဥ ဆို(၄၀၀)၊ ကြက်ဥဆိုတစ်လုံး (၃၀၀)ပေါ့။ ဝင်ငွေ၊ထွက်ငွေ မမျှနေဘူးပေါ့။ ဟိုအရင်ကဆို တစ်နေ့ကို (၄၀၀၀) (၅၀၀၀) ဝင်ယုံနဲ့ ကိုယ့်မိသားစုမှာ စားလောက်တယ်လေ။ တစ်ယောက်လုပ်စာနဲ့ အားလုံး စားလောက်တယ်ပေါ့။ အခုကျတော့ တစ်ယောက်လုပ်စာနဲ့လည်း စားမလောက်ဘူး။ ကုန်ဈေးနှုန်းတက်တယ်။ ငွေကြေး ဖောင်းပွတယ်။ ငွေ(၂)သောင်းတန်တွေ ထုတ်တယ်။ အဲဒီလိုမျိုးတွေသာလုပ်နေတာ လက်လုပ်လက်စားသမားတွေပဲ အဓိကထိတာပေါ့”လို့ ဆိုပါတယ်။

တရိပ်ရိပ်တက်နေတဲ့ ကုန်ဈေးနှုန်းဟာ စစ်ကောင်စီရဲ့ ကျပ် ၂၀,၀၀၀ တန် ငွေစက္ကူအသစ် ထုတ်ဝေမှုကြောင့် အရင်ကာလထက် ကုန်ပစ္စည်းတမယ်ကို ၁၀ ရာခိုင်နှုန်းကနေ ၁၅ ရာခိုင်နှုန်းကျော်အထိ ဈေးနှုန်းတွေ ထပ်မံမြင့်တက်လာတာပါ။

ကုန်ဈေးနှုန်းတွေ အဆမတန် မြင့်တက်လာပေမယ့် နှစ်နှစ်တစ်ကြိမ်ပြင်ဆင်ဖို့ ပြဌာန်းထားတဲ့ အနည်းဆုံးအခကြေးငွေဥပဒေအရ အနိမ့်ဆုံးလုပ်ခလစာဖြစ်တဲ့ တစ်ရက်ကျပ် ၄,၈၀၀ ကိုလည်း လက်ရှိအချိန်အထိ ပြင်ဆင်နိုင်ခြင်း မရှိသေးပါဘူး။

ပုဂ္ဂလိကဝန်ထမ်းတစ်ဦးကတော့ ကုန်ဈေးနှုန်းတွေ မြင့်တက်နေပေမယ့် လုပ်ခလစာနှုန်းထားတွေ မြင့်တက်လာမှုမရှိတာကြောင့် အသုံးစရိတ်တွေကို ချွေတာသုံးစွဲနေရပေမယ့် ဝင်ငွေနဲ့လောက်ငှမှုမရှိတဲ့ ပြဿနာကို ကြုံတွေ့နေရတယ်လို့ ပြောပါတယ်။

“ဒီလောက်ကွာဟသွားတဲ့ အခြေအနေမှာ ဝင်ငွေကပုံမှန်ပဲ။ အာဏာမသိမ်းခင်တုန်းကလည်း ကျွန် တော်တို့ရဲ့ ဝင်ငွေကဒီလောက်ပဲ။ အခုလည်း တိုးလာလာဆိုတော့ ဒီလောက်ပဲပေါ့နော်။ ဒါတောင်မှ တစ်ခါတလေမှာ ဖြတ်တောက်တာတွေ ရှိတယ်။ အလုပ်နောက်ကျတာတို့၊ အကြောင်းအမျိုးမျိုးကြောင့် ပျက်ကွက်တာမျိုးတွေ ရှိတဲ့အခါ လုပ်ခလစာတွေက အဖြတ်ခံရတာမျိုးတွေတောင် ရှိတယ်ပေါ့နော်။ ဆိုတော့ခြစ်ကုတ်ပြီးတော့ မီးဖိုချောင် အသုံးစရိတ်ရော၊ အိမ်အသုံးစရိတ်ရော၊ မီးသုံးမယ် ရေသုံးမယ်ပေါ့။ ဒီလိုမျိုးအသုံးစရိတ်တွေ အကုန်လုံးကို ခြစ်ခြုတ်ပြီးသုံးနေတာတောင်မှ အခုလက်ရှိရနေတဲ့ဝင်ငွေက မလောက်ငှဘူးပေါ့နော်”လို့ ဆိုပါတယ်။

လက်ရှိမှာ ပြည်သူတွေဟာ စစ်ကောင်စီရဲ့အာဏာသိမ်းမှု နောက်ဆက်တွဲ ပြဿနာဖြစ်တဲ့ အခြေခံစား သောက်ကုန်ဈေးနှုန်းတွေ အဆမတန်မြင့်တက်မှုဒဏ်တွေကို ခံစားနေရသလို အလုပ်အကိုင်ရှားပါးမှုတွေနဲ့ပါ ကြုံတွေ့နေရတာ ဖြစ်ပါတယ်။

အခြေခံစားသောက်ကုန် ဈေးနှုန်းဟာ မြန်မာ့ငွေကြေး တန်ဖိုးကျဆင်းလာတာကြောင့် ပြည်ပကနေ မဖြစ်မနေ တင်သွင်းနေရတဲ့ ကုန်ပစ္စည်းတွေ ဈေးနှုန်းမြင့်တက်လာတာ၊ ပြည်တွင်း ထုတ်ကုန်တွေကလည်း လုံလောက်မှု မရှိတဲ့အတွက် ဈေးနှုန်းကြီးမြင့်မှုဒဏ်ကို ပြည်သူတွေ အလူးအလဲခံစားနေရတာပါ။

လုပ်ငန်းရှင်တစ်ဦးကတော့ သွင်အားစုကုန်ကြမ်းပစ္စည်းတွေ ဈေးနှုန်းတွေကြီးမြင့်နေတာကြောင့် အမြတ်ငွေနဲ့ မကိုက်တဲ့အတွက် ဝန်ထမ်းတွေကို လစာတိုးပေးဖို့ အခက်အခဲရှိတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“လုပ်ငန်းတိုင်းမှာတော့ အခက်အခဲကတော့ အဓိကဝန်ထမ်းတွေပေါ့နော်။ ပြဿနာအကြီးမားဆုံးကတော့ ဝန်ထမ်းတွေ ခံစားရတာပေါ့။ ငွေဈေးနှုန်းတက်တော့ သူတို့ကို လစာမတိုးပေးနိုင်ဘူးလေ။ ကျွန်တော်တို့ကလည်း ရတဲ့အမြတ်နဲ့ လစာတွေတိုးပေးဖို့ကလည်း အခက်အခဲရှိတာကို။ ကုန်ဈေးနှုန်းတွေတက်တဲ့အခါကျတော့ ဝန်ထမ်းတွေကတော့ စားမလောက်ဘူးပေါ့နော်။ ဝန်ထမ်းလစာက အမှန်တော့ ဥပမာ(၃)သိန်းပေးရင် သူတို့ကနည်းနည်းနေလို့ရတဲ့ အနေအထားကနေ အခု (၃)သိန်းဆိုလို့ရှိရင် သူတို့ကသုံးစားမလောက်တော့ဘူး။ စားမလောက်တော့ သူတို့ကဒုက္ခပိုကြီးတာပေါ့။ ဝန်ထမ်းတွေဒုက္ခကြီးရင် ဝန်ထမ်းတွေက အလုပ်ကိုကောင်းကောင်း မလုပ်နိုင်တော့ လုပ်ငန်းမှာလာပြီး ထိခိုက်တာပေါ့လေ”လို့ ဆိုပါတယ်။

စစ်ကောင်စီကတော့ ပြည်သူတွေ စားဝတ်နေရေး ပြေလည်မှုရှိစေဖို့ အခြေခံစားသောက်ကုန် ဈေးနှုန်းအပါအဝင် ကုန်ဈေးနှုန်းတည်ငြိမ်ရေး ထိန်သိမ်းဆောင်ရွက်နိုင်ဖို့အတွက်ဆိုပြီး ပြည်ထောင်စု ကုန်ဈေးနှုန်းတည်ငြိမ်ရေး ကော်မတီကို ပြီးခဲ့တဲ့ ဇွန် ၂၇ ရက်နေ့မှာ ဖွဲ့စည်းထားတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါပေမဲ့ စစ်ကောင်စီဘက်က ကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီ ဖွဲ့စည်းထားပေမယ့် လက်ရှိအချိန်အထိ ကုန်ဈေးနှုန်းတွေ ကျဆင်းလာခြင်း မရှိသေးသလို မီးဖိုချောင်သုံး ကုန်ပစ္စည်းတွေ ဈေးနှုန်းဆက်လက်မြင့်တက်နေလို့ ပြည်သူတွေ ဘဝရပ်တည်ဖို့ ပိုမိုခက်ခဲလာသလို ငတ်မွတ်ခေါင်ပါးမှု ဘေးဒဏ်နဲ့ ကြုံရဖို့ရှိနေပါတယ်။

ကမ္ဘာ့ဘဏ်ကတော့ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ချွတ်ခြုံကျနေတဲ့ မြန်မာ့စီးပွားရေး အခြေအနေဟာ လက်ရှိအချိန်ထိ နာလန်မထူနိုင်သေးဘဲ မူဝါဒအမှားတွေကြောင့် ထပ်ထပ်ခါခါကျလာခြင်းတွေက တိုင်းပြည်စီးပွားရေးကို ရာသက်ပန် ထိခိုက်စေမယ်လို့ ပြီးခဲ့တဲ့ ဇွန်လနောက်ဆုံးအပတ်မှာ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.