မြဝတီ၊ သြဂုတ်(၄)

မိုးသည်းထန်စွာရွာသွန်းပြီး မြစ်ရေကြီးလာတဲ့အတွက် ကရင်ပြည်နယ်အတွင်းရှိ မြို့နယ်(၆)နယ်ထဲက ကျေးရွာနဲ့ အနိမ့်ပိုင်းရပ်ကွက်တချို့မှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေပြီး ရေဘေးသင့် ပြည်သူတွေကို အရေးပေါ်ရွှေ့ပြောင်းနေရတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

ကရင်ပြည်နယ် မြဝတီမြို့နယ်ထဲမှာ ဩဂုတ် ၃ ရက်နေ့စပြီး သောင်ရင်းမြစ်ရေကြီးလာတဲ့အတွက် မြို့ပေါ်ရှိ အနိမ့်ပိုင်းရပ်ကွက်တွေမှာ ရေကြီးမှုဖြစ်ပွားနေသလို ရွှေကုက္ကိုလ်မြို့သစ်၊ မဲပလဲ့ကျေးရွာဘက်မှာလည်း ရေကြီးရေလျှံနေတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

ဘားအံမြို့နယ်နဲ့ လှိုင်းဘွဲမြို့နယ်အတွင်းရှိ ဩဂုတ်လ ၃ ရက်နေ့ကစပြီး သံလွင်မြစ်ရေကြီးလာတဲ့အတွက် ဘားအံမြို့ရဲ့ မြို့ပေါ်အနိမ့်ပိုင်းရပ်ကွက်အချို့နဲ့ မြစ်ကမ်းအနီးရှိ ကျေးရွာတွေမှာ ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ပါတယ်။

ဒါ့အပြင် ကော့ကရိတ်မြို့နယ် ကော့ကရိတ်မြို့ပေါ်ရှိ အနိမ့်ပိုင်းရပ်ကွက်အချို့နဲ့ ကျုံဒိုးမြို့ရှိ အနိမ့်ပိုင်းရပ်ကွက်တွေမှာ ဟောင်သရောမြစ်ရေနဲ့ ဂျိုင်းမြစ်ရေကြီးတာကြောင့် ရေကြီးမှုဖြစ်ပွားနေပါတယ်။

ကြာအင်းဆိပ်ကြီးမြို့နဲ့ ဖာပွန်မြို့မှာလည်း မိုးသည်းထန်စွာရွာသွန်းနေတဲ့အတွက် ရေကြီးရေလျှံမှု ဖြစ်ပွားနေတယ်လို့လည်း ဒေသခံတွေထံကနေ သိရှိရပါတယ်။

ရေကြီးမှုကြောင့် ရေဘေးသင့်နေရတဲ့ ဒေသခံပြည်သူတွေကို မီးသတ်တပ်ဖွဲ့အပါအဝင် ကူညီကယ်ဆယ်ရေး ဆောင်ရွက်သူတွေက ရေးဘေးလွတ်ရာနေရာတွေနဲ့ ကယ်ဆယ်ရေးစခန်းဆီကို ရွှေ့ပြောင်းကူညီလုပ်ဆောင်ပေးခဲ့ရပြီး ကရင်ပြည်နယ်အတွင်းရှိ ကယ်ဆယ်ရေးစခန်းတွေမှာ ရောက်ရှိနေတဲ့ ရေဘေးသင့်ပြည်သူဦးရေ စာရင်းကိုတော့ လတ်တလောမှာ မသိရှိရသေးပါဘူး။

မိုးလေဝသဌာနရဲ့ ဩဂုတ် ၄ ရက်နေ့ ထုတ်ပြန်ထားချက်အရ ကရင်ပြည်နယ်ထဲမှာ သံလွင်မြစ်ရေဟာ နောက်တစ်ရက်အတွင်း ပေဝက်ခန့်ထပ်တက်လာနိုင်ပြီး သောင်ရင်းမြစ်ရေကတော့ နောက်တစ်ရက်အတွင်း ပေဝက်ခန့်ပြန်လည်ကျဆင်းနိုင်တယ်လို့ ပြောဆိုထားတာပါ။

ဒါကြောင့် ဘားအံမြို့နယ်နဲ့ မြဝတီမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်းနေထိုင်သူတွေအနေနဲ့ အထူးသတိပြုနေထိုင်ကြဖို့ မိုးလေဝသဌာနက အကြံပြုထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ- CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.