သထုံ၊ ဇူလိုင်(၂၉)

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ထုံးဘိုလေးကျေးရွာထဲကို စစ်ကောင်စီတပ်လက်နက်ကြီး ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သား ၁ ဦး သေဆုံးပြီး ၄ ဦးဒဏ်ရာရရှိခဲ့တယ်လို့ KNU သထုံခရိုင်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

သထုံမြို့နယ် ဝီယောကျေးရွာအခြေစိုက် စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ(၉) တပ်စခန်းကို ပြီးခဲ့တဲ့ ဇူလိုင် ၂၇ ရက်နေ့ မနက်ပိုင်းမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့တဲ့အတွက် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။

တိုက်ပွဲပြီးနောက် စစ်ကောင်စီတပ်စခန်းကနေ ထုံးဘိုလေးကျေးရွာအပါအဝင် အနီးပတ်ဝန်းကျင် ကျေးရွာတွေထဲကို လက်နက်ကြီးအလုံး ၄၀ ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ထုံးဘိုလေးကျေးရွာနေ အသက် ၁၈ နှစ်အရွယ် စောအဲ့ကော့ရှီးနေရာမှာတင်သေဆုံးခဲ့ပြီး ကျန်ဒေသခံ ၄ ဦးမှာလည်း လက်နက်ကြီးကျည်ထိမှန် ဒဏ် ရာအသီးသီး ရရှိခဲ့ပါတယ်။

စစ်ကောင်စီတပ်စခန်းတိုက်ခိုက်မှုအတွင်း KNLA ပူးပေါင်းတပ်ဖွဲ့က ၂ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့သလို စစ်ကောင်စီဘက်ကလည်း ၄ ဦးထက်မနည်းထိခိုက်သေဆုံးနိုင်တယ်လို့ KNU သထုံခရိုင် တာ ဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဒါပေမဲ့ တိုက်ပွဲအတွင်း စစ်ရေးမသက်ဆိုင်တဲ့ အရပ်သားပြည်သူတွေနေထိုင်ရာကျေးရွာထဲကို စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုဟာ စစ်ရာဇဝတ်မှုတွေကို ထပ်မံကျုးလွန်နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၅ ရက်နေ့ကလည်း KNU သထုံမြို့နယ် ရွှေရောင်ပြကျေးရွာထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ အရပ်သားပြည်သူ ၂ ဦးကို လူသားဒိုင်းကာအဖြစ် ဖမ်းဆီးသွားပြီး အဲဒီထဲမှာ မရမ်းကုန်ကျေးရွာနေဦးဝါဆိုသူသာ ပြန်လွတ်လာသေးတယ်လို့ KNU သထုံခရိုင်က ထုတ်ပြန်ထားပါတယ်။

KNU သထုံမြို့နယ်ထဲ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းထိုးမှုကြောင့် မိချောင်းအိုင်၊ ခလောက်အင်းနဲ့ မရမ်းကုန်းကျေးရွာက အိမ်ထောင်စု ၂၀၀ နီးပါး၊ လူဦးရေ ၁၀၀၀ ကျော်ဟာ အိုးအိမ်စွန့်ခွာထွက်ပြေးနေရတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ- KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.