မော်လမြိုင်၊ ဇူလိုင်(၂၉)

မွန်ပြည်နယ် မော်လမြိုင်စက်သုံးဆီဈေးကွက်မှာ အခုရက်ပိုင်းအတွင်း စက်သုံးဆီတစ်လီတာကို ကျပ် ၂၄၀၀ နီးပါးအထိ ဈေးနှုန်းမြင့်တက်လာတယ်လို့ စက်သုံးဆီရောင်းဝယ်ရေး လုပ်ငန်းရှင်တွေက သံ လွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီထိန်းချုပ်ထားတဲ့ စက်သုံးဆီဈေးနှုန်းဟာ အခုအပတ်အတွင်း ၉၅ ဓာတ်ဆီ တစ်လီတာကို ကျပ် ၂၃၀၀ ဝန်းကျင်ကနေ ကျပ် ၂၄၀၀၀ နီးပါးအထိ၊ ၉၂ ဓာတ်ဆီ တစ်လီတာကလည်း ကျပ် ၂၂၀၀ ဝန်းကျင်မှ ကျပ် ၂၃၀၀ ကျော်အထိ ဈေးနှုန်းမြင့်တက်လာတာပါ။

ဒါ့အပြင် ပရီမီယံဒီဇယ်ဆီကလည်း ကျပ် ၂၂၆၀ ဝန်းကျင်ကနေ ကျပ် ၂၄၀၀ ကျော်၊ ရိုးရိုးဒီဇယ်တစ်လီ တာကို ကျပ် ၂၂၀၀ ကနေ ကျပ် ၂၃၀၀ ကျော်အထိ ဈေးနှုန်းပြန်လည်မြင့်တက်လာတာ ဖြစ်ပါတယ်။

စက်သုံးဆီဈေးနှုန်းဟာ ကမ္ဘာ့စက်သုံးဆီဈေးနှုန်း မြင့်တက်လာတဲ့အတွက် ဈေးနှုန်းလိုက်တက်လာတာ ဖြစ်တယ်လို့ စက်သုံးဆီရောင်းဝယ်ရေး လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

“ဆီဈေးနှုန်းကတော့ (၂)သောင်းတန်ဂယက်နဲ့ ဒီမှာက မြန်မာငွေဈေးကကျလာရော။ ဒါပေမယ့် အဲဒါနဲ့တော့ နည်းနည်းတော့နည်းတယ်။ အစိုးရက သူကထိန်းထားတော့လေ။ ဆီဈေးနှုန်းက။ ဒါပေမယ့် ကမ္ဘာ့ဆီဈေးနှုန်းကိုကတက်တာ။ ကမ္ဘာ့ဆီဈေးနှုန်းကတက်တော့ စင်္ကာပူဆီဈေးကလည်း တက်တယ် လေ။ အဲဒီတက်တဲ့အပေါ်မှာဘဲ ဈေးနှုန်းကတက်တာပေါ့နော်။ ဒီ(၂)သောင်းတန် ငွေကြေးဖောင်းပွမှု အဲဒီဟာကတော့ အစိုးရကတော့ သူထိန်းထားတယ်လေ။ ဆီဈေးမှာတော့ ထိန်းထားတာပေါ့၊ ကျန်တဲ့ကုန်ပစ္စည်းတွေဘဲ သူကမထိန်းတာ။ ဆီဈေးကိုတော့ သူထိန်းထားနိုင်တယ်။ ဆီကတော့ သူဆီကနေပဲဝယ်ရတယ်ဆိုတော့လေ၊ သူရောင်းတဲ့ဈေးအတိုင်းပဲ ကျွန်တော်တို့ ဝယ်ရတာပေါ့”လို့ ဆိုပါတယ်။

ကမ္ဘာ့ရေနံစိမ်းဈေးကွက်မှာတော့ ဇူလိုင်တတိယအပတ်အတွင်း တစ်စည်ကို အမေရိကန်ဒေါ်လာ ၇၅ ဝန်းကျင်သာရှိတဲ့ ရေနံစိမ်းဈေးဟာ ဇူလိုင် ၂၈ ရက်နေ့မှာ တစ်စည်ကို ဒေါ်လာ ၈၀ ဝန်းကျင်အထိ ပေါက်ဈေးရှိနေတာပါ။

စက်သုံးဆီကျွမ်းကျင်သူတွေက စက်သုံးဆီဈေးနှုန်းကို စစ်ကောင်စီထိန်းချုပ်ထားပေမယ့် လက်ရှိဖြစ်ပေါ်နေတဲ့ ငွေကြေးဖောင်းပွပြဿနာအပေါ် ဘယ်လောက်ထိတောင့်ခံထားနိုင်မလဲဆိုတာ စောင့်ကြည့်ရမယ့် အခြေအနေရှိနေတယ်လို့ သုံးသပ်ပါတယ်။

စစ်ကောင်စီသတ်မှတ်ထားတဲ့ စက်သုံးဆီဈေးနှုန်းဟာ ရန်ကုန်နဲ့မန္တလေးတို့မှာ တစ်လီတာလျှင် ကျပ် ၂၂၀၀ ဝန်းကျင်သာ ဈေးရှိပေမယ့် ရှမ်းပြည်နယ်ကျိုင်းတုံမှာတော့ တစ်လီတာကို ကျပ် ၃၀၀၀ ကျော်အထိ ပေါက်ဈေးရှိနေတာပါ။

စစ်ကောင်စီဟာ အာဏာသိမ်းပြီးနောက် စက်သုံးဆီဈေးကွက်တစ်ခုလုံးကို ထိန်းချုပ်ထားတာဖြစ်ပြီး လက်ရှိမှာလည်း စက်သုံးဆီဆိုင်တွေထံ ခွဲတမ်းနဲ့ရောင်းချပေးတဲ့စနစ်ကို ကျင့်သုံးနေတာပါ။

စက်သုံဆီးဈေးနှုန်းဟာ အာဏာသိမ်းမသိမ်ခင် NLD အစိုးရလက်ထက်က တစ်လီတာကို ကျပ် ၆၀၀ ဝန်းကျင်မှာသာ ပေါက်ဈေးရှိပြီး အာဏာသိမ်းပြီးနောက် စက်သုံးဆီဈေးနှုန်း ၄ ဆ ကျော်မြင့်တက်လာသလို ဈေးနှုန်းမတည်ငြိမ်မှုတွေလည်း ဆက်တိုက်ဖြစ်ပေါ်နေပါတယ်။

သတင်း -သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.