မော်လမြိုင် – ဇူလိုင်(၂၇)

စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က ရိုက်နှိပ်ထုတ်ဝေမယ့် နှစ်သောင်းကျပ်တန် ငွေစက္ကူကို အမျိုးသားညီညွတ်ရေးအစိုးရ၊ကြားကာလဗဟိုဘဏ်က တရားမဝင်ငွေစက္ကူအဖြစ် ဒီနေ့ ဇူလိုင် လ(၂၇) ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

နှစ်သောင်းတန် ငွေစက္ကူတွေကို အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ဆက်ခံတဲ့ အစိုးရတွေက အသိအမှတ်ပြုမှာ မဟုတ်တဲ့အပြင် တရားမဝင်ငွေစက္ကူအဖြစ် သတ်မှတ်ကြေညာလိုက်တယ်လို့ ကြားကာလဗဟိုဘဏ် ဥက္ကဋ္ဌ ဦးတင်ထွန်းနိုင်ရဲ့ အမိန့်နဲ့ထုတ်ပြန်လိုက်တာပါ။

တရားမဝင်ငွေစက္ကူတွေ ရိုက်နှိပ်ထုတ်ဝေတာကြောင့် ငွေကြေးဖောင်းပွမှု ဖြစ်ပေါ်စေတာဟာ ပြည်သူတွေရဲ့ လုပ်အားနဲ့ ချွေးနဲစာ စုဆောင်းငွေတွေကို တဖက်လှည့်ခိုးယူတာဖြစ်တယ်လို့ ဆိုထားပါတယ်။

အာဏာသိမ်းစစ်ကောင်စီရဲ့ အဆင်ခြင်မဲ့ လုပ်ရပ်ကြောင့် အရင်က မကြုံဖူးတဲ့ပဋိပက္ခအန္တရာယ် ၊ဆင်းရဲမွဲတေမှုနဲ့ ကပ်ရောဂါတို့ စုပြုံခံစားနေရချိန်မှာ အိမ်ထောင်စုတွေ၊ စီးပွားရေးလုပ်ငန်းတွေ ၊ရင်းနှီးမြှုပ်နှံသူတွေနဲ့ ပြည်သူတွေကိုထပ်မံ ဒုက္ခအကြပ်အတည်း ဆိုက်ရောက်စေတဲ့ ငွေစက္ကူ အသစ် ရိုက်နှိပ်ထုတ်ဝေတာဟာ လက်ခံနိုင်ဖွယ်ရာမရှိတဲ့ လုပ်ရပ်ဖြစ်တယ်လို့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် အဖက်ဖက်က အကြပ်အတည်းဆိုက်နေတဲ့ စစ်ကောင်စီ သက်ဆိုးရှည်စေဖို့နဲ့ ပြည်သူတွေအပေါ် ရက်စက်စွာ ဆင်နွှဲလျက်ရှိတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ စဉ်ဆက်မပြတ်ကျူးလွန်နိုင်ဖို့ လိုအပ်နေတဲ့ ဘဏ္ဍာရန်ပုံငွေကို ငွေစက္ကူအမျိုးအစားသစ် စတင်ရိုက်ထုတ်ပြီး အရေး ပေါ် ဖြည့်တင်းနိုင်ဖို့ အားထုတ်မှုဖြစ်တယ်လို့လည်း NUG က ဆိုထားပါတယ်။

အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က နှစ်သောင်းကျပ်တန် ငွေစက္ကူတွေကို လာမယ့် ၂၀၂၃ ခုနှစ် ဇူလိုင်လ(၃၁) ရက်နေ့မှာ ထုတ်ဝေမှာဖြစ်တယ်လို့ ဒီလ(၂၃) ရက်နေ့မှာ ကြေညာထားပါတယ်။

စစ်ကောင်စီရဲ့ ငွေစက္ကူ ထုတ်ဝေမှုကြောင့် ငွေကြေးဖောင်းပွမှုနဲ့ အလုပ်လက်မဲ့နှုန်း မြင့်တက်လာနိုင်ပြီး ကုန်ဈေးနှုန်း အဆမတန် ကြီးမြင့်မှုဒဏ်ကို ပြည်သူတွေ ထပ်မံခံစားရနိုင်တယ်လို့ စီးပွားရေးပညာရှင်တွေက သတိပေးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – NUG

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.