ဝင်းရေး၊ ဇူလိုင်(၂၆)

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၆) ၊ ဝင်းရေးမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့က ရဲဘော် ၂ ဦး ကျဆုံးခဲ့တယ်လို့ KNU ဗဟိုက ဇူလိုင်၂၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၃ ရက်နေ့ မနက်ပိုင်းမှာ KNU ဝင်ရေးမြို့နယ် ဝဲဝန်းကျေးရွာအနီးကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာတဲ့အတွက် KNLA ပူးပေါင်းတပ်တို့ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။

အဲဒီတိုက်ပွဲအတွင်းမှာ KNLA ပူးပေါင်းတပ်ဖွဲ့ဘက်က ရဲဘော် ၂ ဦး ကျဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့သလို စစ်ကောင်စီဘက်က ၄ ဦး သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အဲဒီနေ့မှာပဲ သံဖြူဇရပ်ဘက်ကနေ ရေးမြို့နယ်ဘက်ကို ဆင်းလာတဲ့ စစ်ကောင်စီယာဉ်တန်းတွေ ၂ ကြိမ် မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် စစ်ကားတစ်စီးထိမှန်ပျက်စီးခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲဖြစ်ပွားပြီးနောက် ဒီနေ့ ဇူလိုင်လ ၂၅ ရပ်နေ့အထိ နှစ်ဖက်စစ်ရေးတင်းမာမှုတွေရှိနေပြီး ရေး-သံဖြူဇရပ်ကားလမ်းတစ်လျှောက် နှစ်ဖက်တပ်တွေရဲ့ စစ်ဆေးမှုတွေရှိနေတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၁၈ ရက်နေ့ကစပြီး မော်လမြိုင် – ရေး – ထားဝယ်အမှတ်(၈)လမ်းမကြီးတစ်လျှောက်ကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA အပါအဝင် တော်လှန်ရေးအင်အားစု ပူးပေါင်းစစ်ကြောင်းတွေက နယ်မြေထိန်းချုပ်မှုတွေ စတင်လုပ်ဆောင်ခဲ့တာပါ။

တော်လှန်ရေးအင်အားစုတို့ရဲ့ နယ်မြေထိန်းချုပ်အပေါ် တုံ့ပြန်တဲ့အနေနဲ့ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာတာနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေ လုပ်ဆောင်နေတဲ့အတွက် နှစ်ဖက်စစ်ရေး ပိုမို တင်းမာလာတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.