ဝါရှင်တန်၊ ဇူလိုင်(၂၇)
ယူကရိန်းကရုရှားကို တန်ပြန်ထိုးစစ်ဆင်နေတာကြောင့် လေကြောင်းရန်ကာကွယ်ရေး ဒုံးကျည်တွေ၊ သံချပ်ကာ ယာဉ်တွေနဲ့ ဒရုန်းငယ်တွေအပါအဝင် ယူကရိန်းအတွက် နောက်ထပ်လုံခြုံရေးအကူအညီ ဒေါ်လာသန်း (၄၀၀) ကို အမေရိကန်ကာကွယ်ရေးဌာနက ပေးမယ်လို့ ဇူလိုင်လ (၂၆) ရက်နေ့မှာ ကြေညာလိုက်ပါတယ်။
အမေရိကန်ရဲ့ ထောက်ပံ့ကူညီမှု ပက်ကေ့ခ်ျမှာ တယ်လီဒိုင်းမ် Teledyne (TDY.N) ရဲ့ Teledyne FLIR Defence မှ ပြုလုပ်တဲ့ ယူအက်ရဲ့ Black Hornet ထောက်လှမ်းရေးဒရုန်းတွေ ပထမဆုံး အနေနဲ့ ပါဝင်လာ မှာဖြစ်တယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။
လက်နက်အကူအညီတွေမှာ ပတ်ထရွိုက်လေကြောင်းရန်ကာကွယ်ရေးစနစ်အတွက် ခဲယမ်းတွေနဲ့ ဝေဟင်ပစ် ဒုံးကျည်စနစ်တွေ(NASMS)၊ စတင်းဂျားလေယာဉ်ပစ်စနစ်တွေ၊ ဟိုင်းမားစ် (HIMARS) စနစ်တွေ၊ သံချပ်ကာတွေနဲ့ အခြားသော ဒုံးကျည်တွေအပြင် ရော့ကဒ်မျိုးစုံတို့လည်း ပါဝင်တယ်လို့ သိရပါတယ်။
အရေးပေါ်အခြေအနေအတွင်း လွှတ်တော်၏ခွင့်ပြုချက်မပါဘဲ US မှ လျင်မြန်စွာလွှဲပြောင်းရန် သမ္မတ၏ခွင့်ပြုချက်ပေးသည့် PDA ကို အသုံးပြု၍ ၎င်းအစီအစဉ်ကို အကူအညီပေးတာဖြစ် ကာ ပစ္စည်းများဟာ ပိုလျှံနေသော စာရင်းမှလာမှာဖြစ်ပါတယ်။
အကူအညီပေးရေး ကြေညာခြင်းအပေါ် မှတ်ချက်ပေးရာမှာတော့ နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင်က ယူကရိန်းဆိပ်ကမ်းတွေနဲ့ ယူကရိန်းအခြေခံအဆောက်အအုံတွေအပေါ် ရုရှားရဲ့တိုက်ခိုက်မှုတွေကို ပြီးခဲ့တဲ့ သီတင်းပတ်က Black Sea Grain Initiative မှ ရုရှားနုတ်ထွက်ပြီးနောက် မှတ်ချက်ပြုခဲ့တာ ဖြစ်ပါတယ်။
“ရုရှားအနေနဲ့ ယူကရိန်းက သူ့ရဲ့တပ်ဖွဲ့တွေကို ရုပ်သိမ်းပြီး ယူကရိန်းရဲ့ မြို့ကြီးတွေနဲ့ ပြည်သူ တွေအပေါ် ရက်စက်ကြမ်းကြုတ်တဲ့ တိုက်ခိုက်မှုတွေကို ရပ်တန့်ခြင်းဖြင့် ဒီစစ်ပွဲကို အချိန်မရွေး အဆုံးသတ်နိုင်တယ်၊ အဲဒီလိုမဖြစ်မချင်း အမေရိကန်နဲ့ ကျွန်တော်တို့ရဲ့ မဟာမိတ်တွေ၊ မိတ်ဖက်တွေက ယူကရိန်းနိုင်ငံနဲ့ စည်း လုံးညီညွတ်စွာ ရပ်တည်နေမှာဖြစ်တယ် ” လို့ ဘလင်ကင်က ထုတ်ပြန်ချက်မှာ ပြောကြားခဲ့ပါတယ်။
ယူကရိန်းနဲ့ ရုရှားတို့ဟာ စပါးတင်ပို့ရာမှာ ဦးဆောင်သူတွေဖြစ်တာကြောင့် ရုရှားကျူးကျော်စစ် ပိုမိုဆိုးရွား လာချိန်မှာ ကမ္ဘာ့စားနပ်ရိက္ခာအကျပ်အတည်းကို ရင်ဆိုင်ဖို့အတွက် ပင်လယ်နက် ဆန်စပါးသဘောတူ ညီချက်ကို ကုလသမဂ္ဂနဲ့ တူရကီတို့က လွန်ခဲ့တဲ့ တစ်နှစ်က ကြားဝင်ပေးခဲ့ ပါတယ်။
ယူကရိန်းကို ကျူးကျော်ဝင်ရောက်မှုကြောင့် လူထောင်ပေါင်းများစွာ သေဆုံးခဲ့ရပြီး သန်းပေါင်းများစွာသော အရပ်သားတွေကို အိုးမဲ့အိမ်မဲ့ ဖြစ်စေခဲ့တဲ့ ရုရှားကတော့ အမေရိကန်ရဲ့အကူအညီအသစ်ကို ရှုတ်ချခဲ့ပါတယ်။
“ဝါရှင်တန်ရဲ့ လုပ်ရပ်တွေဟာ အကျင့်စာရိတ္တနဲ့ အသိတရားထက် ကျော်လွန်နေတယ်” လို့ အမေရိကန်ပြည် ထောင်စုဆိုင်ရာ ရုရှားသံအမတ်ကြီးက သံရုံးရဲ့ တယ်လီဂရမ်ပို့စ်တစ်ခုမှာ ပြောကြားခဲ့ပါတယ်။
ဥရောပသမဂ္ဂဟာ ယူကရိန်းနိုင်ငံမှ သူ့ရဲ့လယ်ယာထွက်ကုန်တွေအားလုံးကို ရထားလမ်းနဲ့ အခြားသော လမ်းတွေမှတဆင့် တင်ပို့ရာမှာ ကူညီမယ်လို့ကတိပြုထားပေမယ့်လည်း ရုရှားစစ်တပ်ဟာ ပင်လယ်နက်မှာ အရပ်ဘက်သင်္ဘောတွေကို ပစ်မှတ်ထားနေကြောင်း ဖော်ပြတဲ့ အချက်အလက်တွေရှိနေတယ်လို့လည်း ဗြိတိန်က အင်္ဂါနေ့မှာ ပြောကြားခဲ့ပါတယ်။
Ref: Reuters