မြိတ်၊ ဇူလိုင်(၂၆)

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့အတွင်းရှိ နာရေးကူညီမှုအသင်း ၅ သင်းဟာ စစ်ကောင်စီနဲ့ပူးပေါင်းပြီးလုပ်ငန်းတွေ လုပ်ကိုင်ပေးနေတာကြောင့် ထပ်မံပူးပေါင်းတာမလုပ်ဖို့ မြိတ်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)က ဇူလိုင် ၂၄ ရက်နေ့စွဲနဲ့ သတိပေးထုတ်ပြန်လိုက်ပါတယ်။

မြိတ်မြို့နယ်(ပကဖ)အဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ ချမ်းမြေ့၊ ကရုဏာ၊ ချစ်ကြည်ရေး၊ ရွှေရောင်နေ့သစ်၊ ပီတိကုသိုလ်နာရေးကူညီရေးအသင်းတို့ဟာ သူတိုရဲ့နာရေးကူညီမှုယာဉ်တွေကိုအသုံးပြုပြီး စစ်ကောင်စီရဲ့ အကြမ်းဖက်မှုလုပ်ငန်းစဉ်တွေမှာ ပူးပေါင်းပါဝင်လျက်ရှိကြောင်း ထောက်လှမ်းသိရှိရတယ်လို့ ဆိုထားပါတယ်။

သတိပေးခံထားရတဲ့ နာရေးကူညီမှုအသင်းတွေအနေနဲ့ စစ်ကောင်စီကို အာပေးကူညီတာတွေ လုံးဝမပြုလုပ်ဖို့နဲ့ ဆက်လက်ကူညီနေရင်း စစ်ရေးအရပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်သွားမယ်လို့ မြိတ်မြို့နယ်(ပကဖ) အဖွဲ့က သတိပေးထားပါတယ်။

အဲဒီနာရေးကူညီမှုအသင်းတွေဟာ စစ်ကောင်စီတပ်အတွက် လက်နက်ခဲယမ်းနဲ့ ရိက္ခာတွေ သယ်ဆောင်ရာမှာ ကူညီမှုတွေရှိနေကြောင်း စုံစမ်းသိရှိထားတယ်လို့ မြိတ်မြို့နယ်(ပကဖ)အဖွဲ့ တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

သတိပေးခံထားရတဲ့ နာရေးကူညီမှုအသင်း တာဝန်ရှိသူတစ်ဦးကတော့ စစ်ကောင်စီတပ်နဲ့ ပူးပေါင်းဆောင်ရွက်တာတွေ မရှိကြောင်းနဲ့ အခုဖြစ်စဉ်ဟာ သတင်းပေးမှုအမှားကြောင့်ဖြစ်နိုင်ပြီး သေချာစုံစမ်းစေလိုတယ်လို့ ဆိုပါတယ်။

အာဏာသိမ်းကာလအတွင်း စစ်ကောင်စီတပ်ဟာ လူမှုကယ်ဆယ်ရေးအသင်းတချို့ရဲ့ အသင်းကားတွေကို စစ်ဆင်ရေးတွေနဲ့ ရိက္ခာပို့ဆောင်ရာတွေမှာ အသုံးပြုတာတွေ ရှိနေတာပါ။

ဒါ့အပြင် စစ်ကောင်စီဟာ လူမှုကူညီရေးအသင်းတချို့ကို သူတို့ရဲ့လုပ်ငန်းဆောင်တာတွေမှာ ပါဝင်ဖို့ အမိန့်ပေးစေခိုင်းတာတွေ ရှိနေတယ်လို့ လူမှုကယ်ဆယ်ရေးအသင်း တာဝန်ရှိသူတချို့ရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းတဲ့ နှစ်နှစ်ကျော်ကာလအတွင်း လူမှုကယ်ဆယ်ရေးသမား ၄၀ ထက်မနည်း သတ်ဖြတ်ခံထားရတယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးက ဇူလိုင် လဆန်းပိုင်းမှာ ထုတ်ပြန်ထားပါတယ်။

သတ်ဖြတ်ခံရတဲ့ လူမှုကယ်ဆယ်ရေးသမားတွေဟာ စစ်ကောင်စီနဲ့ လက်နက်ကိုင် တော်လှန်နေသူတွေအကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာ ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားပြီး တိုက်ရိုက်တိုက်ခိုက်ခံနေရတာတွေပါဝင်တယ်လို့ ဆိုထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ- ကရုဏာနာရေးကူညီမှုအသင်း

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.