သံတောင်ကြီး၊ ဇူလိုင်(၂၆)

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ ယာဒိုဒေသကို နှစ်ပတ်အတွင်း စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှု အကြိမ်ပေါင်း ၅၀ ကျော် ပြုလုပ်ခဲ့တဲ့အတွက် ဘာသာရေး အဆောက်အဦးတွေအပါအဝင် နေအိမ် ၂၀ ကျော်ထက်မနည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ KNU-တောင်ငူခရိုင်က ဇူလိုင် ၂၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

KNU-တောင်ငူခရိုင်၊ တပ်မဟာ(၂)နယ်မြေ သံတောင်ကြီးမြို့နယ်၊ ယာဒိုဒေသထဲမှာ ပြီးခဲ့တဲ့ ဇူလိုင် ၁၁ ရက်နေ့ကနေ ဇူလိုင် ၂၃ ရက်နေ့အထိ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် မတော် KNLA ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

၁၃ ရက်ကြာဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း ယာဒိုဒေသဝါသောခိုကျေးရွာနဲ့ တပ်ကုန်းကျေးရွာတွေကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ စုစုပေါင်း ၅၅ ကြိမ် ဗုံးကြဲတိုက်ခိုက်သွားခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ပါရှိပါတယ်။

စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ခရစ်ယာန်ဘာသာရေးအဆောက်အဦး ၂ လုံး၊ ပြည်သူအိုးအိမ်အလုံး ၂၀ ထက်မနည်း၊ စပါးကျီ ၁ လုံး၊ လယ်ယာမြေနဲ့ စိုက်ပျိုးပင်တွေ ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယာဒိုဒေသခံပြည်သူ ၂၀၀၀ ကျော်ဟာ စစ်ဘေးတိမ်းရှောင်နေရပြီး စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ၊ ခိုလှုံနေထိုင်ဖို့ အဆောက်အဦးတွေ အရေးပေါ်လိုအပ်မှုတွေ ရှိနေတယ်လို့ KNU တောင်ငူခရိုင်က အသိပေးထုတ်ပြန်ထားပါတယ်။

တိုက်ပွဲပြင်းထန်နေတဲ့ KNU တပ်မဟာ(၂)နယ်မြေ ကရင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်အစပ်ရှိ ယာဒိုဒေ သထဲကို စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ရက်ပိုင်းထဲက တောင်ငူ-လိပ်သိုကနေတစ်ဆင့် တပ်အင်အားဖြည့်ဆည်းမှုတွေ လုပ်ဆောင်လာနေတယ်လို့ နယ်မြေခံတွေဆီကနေ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.