ရန်ကုန် – ဇူလိုင်(၂၅)

ရန်ကုန်တိုင်း၊ အင်းစိန်အကျဉ်းထောင်မှာ PDF ရဲဘော်တွေကို ငွေလှူဒါန်းခဲ့တဲ့ အတွက်ဆိုကာ အင်းစိန်ထောင်ညွှန်ကြားရေးမှူး ဦးဇော်မင်း ရာထူးကဖြုတ်ချခံထားရပြီး အရေးယူခံထား ရတယ်လို့ နီးစပ်သူတွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လဒုတိယအပတ်က ထောင်ဝန်ထမ်းတွေဆီက ငွေစုပြီး PDF ရဲဘော်တွေကို ငွေကျပ်(၁၁) သိန်းလှူဒါန်းပေးခဲ့တဲ့အတွက် အရေးယူခံထားရတာဖြစ်တယ်လို့သိရပြီး ငွေလှူဒါန်းခဲ့တဲ့ ထောင်ဝန်ထမ်းကိုလည်း စစ်ကောင်စီက ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

“ဖြစ်တာက တကယ်ဖြစ်သွားတာ အပြင်ကိုသတင်းမပေါက်လာတာ၊ (၁၃) ရက်နေ့မတိုင်ခင် ညက ဖြစ်သွားတာပါ။ ငွေလှူတဲ့ကိစ္စမိသွားပြီးတော့ ထပ်စစ်တဲ့အချိန်မှာ ဖုန်းတွေပါထပ်မိတာ အဲဒီကိစ္စနဲ့ ညွှန်ချုပ်က အရေးယူခံရတာ (၂၄) နာရီအတွင်းတခါတည်းဖြုတ်ချခံရတာ” လို့ အင်းစိန်ထောင်နဲ့ နီးစပ်သူတစ်ဦးက သံလွင်တိုင်းမ် ကိုပြောပါတယ်။

ဒါ့အပြင် အဲဒီကိစ္စဖြစ်ပြီးနောက်ပိုင်း ထောင်အတွင်းမှာ အကျဉ်းသားတွေကို လူ့အခွင့်အရေး ချိုးဖောက်မှုတွေပိုမိုလုပ်ဆောင်နေသလို မီးသတ်တွေ၊စ.ရ.ဖ တွေနဲ့ပေါင်းပြီး အဆောင်တွေမှာ လိုက်လံစစ်ဆေးတာနဲ့ လုံခြုံရေးတင်းကြပ်တာတွေလုပ်ဆောင်နေတယ်လို့ သူကပြောပါသေးတယ်။

လက်ရှိအချိန်မှာတော့ အင်းစိန်ထောင်ညွှန်ချုပ်အဖြစ် စစ်တပ်က ဗိုလ်မှူးကြီးအဆင့်ရှိသူ ဦးမျိုးဇော် ဆိုသူကို စစ်ကောင်စီက ခန့်အပ်တာဝန်ပေးထားတယ်လို့ သိရပါတယ်။

“အထဲမှာပိုပြီး ဖိနှိပ်တင်းကြပ်ခံနေရတယ် ရှေ့နေတွေရော အထဲက အမှုသည်ကိုပိုပြီးတင်းကြပ် ခံရတယ်။ ဆေးလိပ် ကွမ်းယာတောင် အမှုသည်တွေရုံးထွက်တဲ့အခါ တိုက်ဖို့ မယူလာခိုင်းတော့ဘူး” လို့ နိုင်ငံရေးအကျဉ်းသားတွေကို အမှုလိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေတစ်ဦးက သံလွင်တိုင်းမ် ကိုပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ(၂၁) ရက်နေ့ကလည်း အင်းစိန်ထောင်ကို ရန်ကုန်တိုင်းရဲမှူးနဲ့ တိုင်းဗျူဟာမှူးတို့ လာရောက် စစ်ဆေးတာတွေရှိခဲ့တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံကို စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အရပ်သား (၂)သောင်းကျော်ဖမ်းဆီးခံထားရ ပြီး အဲဒီထဲက အများစုကို အင်းစိန်ထောင်အတွင်း အကျဉ်းချထားတာဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ(ပုံအဟောင်း)

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.