နေပြည်တော်၊ ဇူလိုင်(၂၅)

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ တခမ်းတနား ယုံကြည်ကိုးကွယ်ခံရတဲ့ နာမည်ကြီးသီတဂူဆရာတော်နဲ့ အရှင်ဆေကိန္ဒအပါအဝင် သံဃာတော် ၂၆ ပါးကို စစ်ခေါင်း ဆောင်က ဘွဲ့တံဆိပ်တော်တွေ ချီးမြှင့်ခဲ့ပါတယ်။

ရွှေကျင်ဂိုဏ်းရဲ့ သာသနာရေးပိုင် သီတဂူဆရာတော် ဒေါက်တာဉာဏိဿရကို “သရေစည်သူ”ဘွဲ့၊ အပြည်ပြည်ဆိုင်ရာထေရဝါဒတက္ကသိုလ်ရဲ့ ပါမောက္ခချုပ် ဓမ္မဒူတဒေါက်တာဆေကိန္ဒကို “စည်သူ” ဘွဲ့နဲ့ တိပိဋက ဆရာတော်တချို့ကိုတော့ သီရိပျံချီဘွဲ့ ပေးအပ်ခဲ့တာပါ။

သံဃာတော်တွေကို ပေးအပ်ခဲ့တဲ့ ဘွဲ့တံဆိပ်တွေဟာ စစ်ကောင်စီခန့် အရာရှိတွေ၊ စစ်ဗိုလ်ချုပ်တွေနဲ့ လူပုဂ္ဂိုလ်တွေကိုသာ ပေးအပ်လေ့ရှိပြီး အခုအခါမှာ စစ်ခေါင်းဆောင်က သူနဲ့ပလဲနံပသင့်ပြီး သူ့လုပ်ရပ်ကိုမဆန့်ကျင်တဲ့ သံဃာတော်တွေကိုပါ ပေးအပ်လာတာပါ။

ဒါ့အပြင် စစ်ကောင်စီခန့် ကာဝန်ရေးဝန်ကြီးဌာနက စစ်ဗိုလ်အရာရှိတွေ ရဲတပ်ဖွဲ့ဝင်တွေ စစ်တပ်ပိုင် အင်းဝဘဏ်၊ ပုဂ္ဂလိကကုမ္ပဏီတွေနဲ့ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းက တာဝန်ရှိသူတွေစတဲ့ လူပုဂ္ဂိုလ် ၂၀၅ ဦးတို့ကိုလည်း ဂုဏ်ထူးဆောင်ဘွဲ့တွေ အသီးသီးပေးအပ်ခဲ့တာပါ။

စစ်ခေါင်းဆောင်ချီးမြှင့်ခဲ့တဲ့ ဘွဲ့တံဆိပ်တော်တွေကို ရရှိသူတွေဟာ မာရဝိဇယဘုရားတည်ဆောက်ရေးနဲ့ နိုင်ငံတော်လုံခြုံရေး တရားဥပဒေစိုးမိုးရေး ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ကြတာလို့ ဇူလိုင် ၂၃ ရက်နေ့မှာ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ခေါင်းဆောင်က နေ့ထူးနေ့မြတ်တွေမှာ တိုင်းရင်းသားခေါင်းဆောင်တွေအပါဝင် စစ်ကောင်စီခန့်အရာရှိတွေ၊ စစ်ဗိုလ်တွေ၊ အနုပညာရှင်တွေနဲ့ လူပုဂ္ဂိုလ်တွေကို ဘွဲ့တံဆိပ်တွေ အမျိုးမျိုးနဲ့ပေးအပ်နေတာပါ။

ပြီးခဲ့တဲ့နှစ် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အဖြစ် အမျိုးသားရေးတက်ကြွလှုပ်ရှားသူ မစိုးရိမ်တိုက်ဆရာတော် ဦးဝိရသူကိုလည်း စစ်ခေါင်းဆောင်က သီရိပျံချီဘွဲ့ ပေးအပ်ချီးမြှင့်ခဲ့ပါသေးတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.