လောင်းလုံး၊ ဇူလိုင်(၂၅)

တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ် ကျောက်နီမော်ကျေးရွာရှိ စစ်ကောင်စီနဲ့ ပျူစောထီးပူးပေါင်းကင်းစခန်းတစ်ခုကို ဝင်ရောက်စီးနင်းတိုက်ခိုက်ပြီးနောက် မီးရှို့ဖျက်ဆီးခဲ့တယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (LLPDF)က ထုတ်ပြန်ပါတယ်။

ကျောက်နီမော်ကျေးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ပျူစောထီးအဖွဲ့ဝင်တွေ ဆက်ကြေးကောက်နေတဲ့ ရဲချောင်းကင်းစခန်းကို ပြီးခဲ့တဲ့ ဇူလိုင် ၁၉ ရက်နေ့ မနက် ၅ နာရီအချိန်လောက်မှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တာပါ။

စခန်းဝင်ရောက်စီးနင်းစဉ် ကင်းစောင့်နေတဲ့ ပျူစောထီးအဖွဲ့ဝင် ကိုထွန်းဝါနဲ့ ကိုမျောက်တို့ ၂ ဦးကို ပစ်ခတ်ရှင်းလင်းခဲ့သလို ကင်းစခန်းနဲ့ကပ်လျက်ရှိတဲ့ ပျူစောထီးနေအိမ်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အခုဖြစ်စဉ်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့တွေ စက်လှေမှောက်ပြီး အလုပ်ရှုပ်နေမှုအပေါ် အခွင့်ကောင်းယူကာ ဝင်ရောက်စီးနင်းခဲ့တာဖြစ်တယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (LLPDF) ပြန်ကြားရေးတာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စခန်းဝင်ရောက်စီးနင်းပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြန်လည်ဆုတ်ခွာစဉ် စစ်ကောင်စီနဲ့ ပျူစောထီးပူးပေါင်းကင်းစခန်းတဝိုက်မှာ အဝေးထိန်း မိုင်း ၅ လုံးထောင်ခဲ့တာပါ။

စခန်းတိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်အပေါ် စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့ဝင် ၅ ဦး ရောက်ရှိလာချိန် အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ရာ ၃ ဦး ထပ်မံသေဆုံးခဲ့ပါတယ်။

လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (LLPDF) ဟာ ဇူလိုင် ၂၂ ရက် ညပိုင်းကလည်း တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ရှိ ဝန်ကြီးများအိမ်ရာကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-LLPDF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.