သံတောင်ကြီး၊ ဇူလိုင်(၂၅)

တိုက်ပွဲကြောင့် ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေရတဲ့ ကရင်ပြည်နယ်မြောက်ပိုင်း ယာဒိုဒေသအတွင်းရှိ ကျေးရွာတွေက စစ်ဘေးရှောင်ပြည်သူတွေအတွက် စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ အသုံးအဆောင်ပစ္စည်း အကူအညီတွေ လိုအပ်လျက်ရှိနေတယ်လို့ စစ်ရှောင်အရေး ကူညီဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၂)နယ်မြေအတွင်းရှိ ကရင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်အစပ် သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့၊ ယာဒိုကျေးရွာမှာ ပြီးခဲ့တဲ့ ဇူလိုင်လ(၁၁)ရက်နေ့ကစပြီး KNLA တော်လှန်ရေးအင်အားစု မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့အကြား နှစ်ဖက်တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

ယာဒိုဒေသတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က လေကြောင်းတိုက်ခိုက်မှုအကြိမ်ပေါင်းများစွာ ပြုလုပ်သွားခဲ့ပြီး ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယာဒို၊ ဝါဘမ်းခို၊ ကလေထ၊ ပရယ်စို့နဲ့ ဝါသောခိုစတဲ့ကျေးရွာအတွင်းရှိ ဘာသာရေးအဆောက်အဦးနဲ့ လူနေအိမ်အဆောက်အဦးတွေ၊ ကားလမ်းမတွေ ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရပြီး လူဦးရေထောင်ချီ စစ်ဘေးရှောင်နေရတယ်လို့ စစ်ရှောင်အရေးကူညီပေးနေသူတွေဆီကနေ သိရှိရပါတယ်။

ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်တွေအတွက် ဆေးဝါးနဲ့စားနပ်ရိက္ခာ အခက်အခဲရှိနေပြီး စားနပ်ရိက္ခာ၊ အဝတ်အထည်၊ စောင်၊ ခြင်ထောင်၊ အမိုးအကာ၊ ဆေးဝါးစတဲ့ လူသားချင်းစာနာမှုအကူအညီတွေ လိုအပ်လျက်ရှိနေတယ်လို့ စစ်ရှောင်အရေးကူညီဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။

ယာဒိုဒေသအတွင်း တိုက်ပွဲဟာ တိုက်ပွဲစတင်ဖြစ်ပွားတဲ့နေ့ကစပြီး ဒီကနေ့အချိန်အထိ ၂ ပတ်ကြာ မြင့်လာတဲ့အထိ စစ်ကောင်စီနဲ့ KNLA တော်လှန်ရေးအင်အားစုတို့အကြား နှစ်ဖက်စစ်ရေးတင်းမာမှုအခြေအနေဟာ ဆက်လက်ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

စစ်ရေးအခြေအနေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံပြည်သူတွေဟာ လက်ရှိအချိန်ထိ နေရပ်ကို ပြန်မနိုင်ကြသေးဘူးလို့လည်း နယ်မြေခံသတင်းရင်းမြစ်တွေဆီကနေ သိရှိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.