ရန်ကုန် – ဇူလိုင်(၂၅)

မန္တလေးတိုင်း မြစ်ငယ်က ရန်ကုန်တိုင်း ရွာသာကြီး ခရီးစဉ်ထွက်ခွာမယ့် ကုန်တင်ရထားတစီးဟာ ပုလိပ်ဘူတာနဲ့ စဉ့်ကိုင်ဘူတာကြားမှာ လမ်းချော်တိမ်းမှောက်သွားခဲ့တယ်လို့ စစ်ကောင်စီဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြထားပါတယ်။

ဖြစ်စဉ်မှာ ပြီးခဲ့တဲ့ ဇူလိုင်လ(၂၃) ရက်နေ့ညပိုင်းက မြစ်ငယ်ဘူတာကနေ ရွာသာကြီး ဘူတာကို ထွက်ခွာလာတဲ့ အမှတ်(၉၂၄) အစုန်ရထားဟာ မိုင်တိုင် (၃၇၂/၃-၃၇၁/၂၄) မှာ တိမ်းမှောက်ခဲ့တာပါ။

ရထားတိမ်းမှောက်မှုနဲ့ ပတ်သက်ပြီး စစ်ကောင်စီလက်အောက်ခံ မီးရထားရဲက စစ်ဆေးချိန်မှာ မိုင်တိုင်အမှတ် (၃၇၁/၁မှ၃) အထိ ရထားသံလမ်းဆက်ပြား(၈)စုံနဲ့ သံလမ်းဆက်မူလီ(၃၂) လုံးဖြုတ်ယူခံထားရတယ်လို့ ဆိုထားပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က ပျက်စီးဆုံးရှုံးမှုတန်ဖိုးအသေးစိတ်ကို ထုတ်ပြန်ထားတာမရှိသလို သံလွင်တိုင်းမ် အနေနဲ့ သက်ဆိုင်ရာ မီးရထားတာဝန်ရှိသူတွေကို ဆက်သွယ်ခဲ့ပေမယ့် ပြန်လည်ဖြေဆိုတာတော့ မရှိခဲ့ပါဘူး။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – စစ်ကောင်စီဝါဒဖြန့်မီဒီယာ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.