ဘီးလင်း၊ ဇူလိုင်(၂၅)မိုင်းခွဲဖျက်ဆီးခံထားရတဲ့ မော်လမြိုင်-ရန်ကုန်ကားလမ်းပေါ်က ဘီးလင်းကျုံအိတ်တံတား လာပြင်တဲ့အဖွဲ့ဟာ ဇူလိုင် ၂၃ ရက်နေ့ ညနေပိုင်းမှာ ဒရုန်းနဲ့ ထပ်မံတိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မွန်ပြည်နယ် သထုံမြို့နယ်နဲ့ဘီးလင်းမြို့နယ်အကြား ရွှေရောင်ပြကျေးရွာအနီး ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်က ကျုံအိတ်တံတား လာပြင်တဲ့အဖွဲ့ကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့က ဇူလိုင် ၂၃ ရက်နေ့ ညနေပိုင်းမှာ ဒရုန်းနဲ့ဗုံးချတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ဒရုန်းနဲ့ဗုံးချတိုက်ခိုက်ခံရတာကြောင့် လူထိခိုက်ဒဏ်ရာရတာမရှိပေမယ့် တံတားယာယီ ဘေလီတံ တားပြုပြင်မှုကို ချက်ချင်းရပ်နားခဲ့ရတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

မိုင်းခွဲဖျက်ဆီးခံရတဲ့ ကျုံအိတ်တံတားမှာ ယာယီဘေလီတံတားထိုးဖို့ စစ်ကောင်စီတပ်၊ လမ်းဦးစီးဌာနနဲ့ ရွှေသံလွင်ကုမ္ပဏီဝန်ထမ်းတွေ လာရောက်လုပ်ဆောင်နေတာဖြစ်ပြီး တံတားလာပြင်တဲ့အဖွဲ့ဟာ အခု တစ်ကြိမ်အပါအဝင် ဒရုန်းနဲ့ ၇ ကြိမ် တိုက်ခိုက်ခံထားရတာပါ။

တံတားလာပြင်တဲ့အဖွဲ့ ဒရုန်းနဲ့ တိုက်ခိုက်ခံနေရပေမယ့် စစ်ကောင်စီဘက်က ယာယီဘေလီတံတား အမြန်ဆုံးပြီးစီးအောင်ဆောင်ရွက်ဖို့ ဖိအားပေးနေတဲ့အတွက် အသက်အန္တရာယ် စိုးရိမ်နေရတယ်လို့ တည်ဆောက်ရေး လုပ်ငန်းခွင်မှာပါဝင်တဲ့ ဝန်ထမ်းတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၂၉ ရက်နေ့မှာ ကျုံအိတ်တံတား မိုင်းထောင်ဖောက်ခွဲခံရပြီး အဲဒီဖြစ်ဉ်ကိုလာစစ်တဲ့ စစ်ကောင်စီ ပူးပေါင်းအဖွဲ့တွေ ထပ်မံတိုက်ခိုက်ခဲ့လို့ ဌာနဆိုင်ရာဝန်ထမ်း ၂ ဦးအပါအဝင် ၃ ဦးသေဆုံးပြီး ၂၆ ဦးဒဏ်ရာ ရရှိခဲ့ပါသေးတယ်။

ကျုံအိတ်တံတား ဖောက်ခွဲဖျက်ဆီးမှုဟာ စစ်ရေးအရ စစ်ကောင်စီတပ်ရဲ့ ထောက်ပို့လမ်းကြောင်းကို ဖြတ်တောက်တာ ဖြစ်တယ်လို့ KNU သထုံခရိုင် မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲမှု ကော်မတီ ဥက္ကဋ္ဌက ပြောဆိုထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.