ရန်ကုန်၊ ဇူလိုင်(၂၅)

စစ်ကောင်စီရဲ့ ကျပ် ၂၀,၀၀၀ တန် ငွေစက္ကူထုတ်ဝေမှုကြောင့် ငွေကြေးဖောင်းပွမှုနဲ့ အလုပ်လက်မဲ့နှုန်း မြင့်တက်လာနိုင်ပြီး ကုန်ဈေးနှုန်းအဆမတန် ကြီးမြင့်မှုဒဏ်ကို ပြည်သူတွေထပ်မံခံစားရနိုင်တယ်လို့ စီးပွားရေးပညာရှင်တွေက သုံးသပ်ပါတယ်။

အာဏာသိမ်းစစ်ကောင်စီက မာရဝိဇယဗုဒ္ဓရုပ်ပွားတော် ပြီးစီးမှုနဲ့ ပြီးခဲ့တဲ့နှစ် ဇူလိုင် ၂၃ ရက်နေ့မှာ တွေ့ရှိခဲ့တဲ့ ဆင်ဖြူတော်ရဋ္ဌနန္ဒကရဲ့ တစ်နှစ်ပြည့်မွေးနေ့အထိမ်းအမှတ်အဖြစ် ကျပ် ၂၀,၀၀၀ တန် ငွေစက္ကူအသစ် ထုတ်ဝေသွားမယ်လို့ မနေ့ ဇူလိုင် ၂၃ ရက်နေ့မှာ ထုတ်ပြန်လာတာပါ။

ကျပ် ၂၀,၀၀၀ တန် ငွေစက္ကူအသစ် ထုတ်ဝေမယ်ဆိုတဲ့သတင်းကြောင့် ချက်ချင်းဆိုသလို ပြည်တွင်းဈေးကွက်မှာ ဈေးနှုန်းတွေကမောက်ကမဖြစ်ပြီး ဈေးကွက်မဖွင့်နိုင်တော့သလို ဒီနေ့ ဇူလိုင် ၂၄ ရက်နေ့မှာတော့ ကုန်ပစ္စည်းအများစု ဈေးနှုန်းခုန်တက်လာခဲ့တာပါ။

စီးပွားရေးပညာရှင်တစ်ဦးကတော့ ကျပ် ၂၀,၀၀၀ တန် ငွေစက္ကူကြောင့် ဈေးကွက်အတွင်း သက်ရောက်မှုအများကြီးရှိလာနိုင်ပြီး ငွေကြေးဖောင်းပွမှုနဲ့ အလုပ် လက်မဲ့နှုန်း မြင့်တက်လာနိုင်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“သူကအထိမ်းအမှတ်အနေနဲ့ ထုတ်တယ်လို့ပြောတာပဲ။ ဒီအချိန်မှာ ဒီလိုမျိုးဈေးကွက်ကို လှန့်မယ့်ဟာမျိုးက မလုပ်သင့်ဘူး။ သူကတကယ်ကိုပဲ အထိမ်းအမှတ်အနေနဲ့ ထုတ်တာဆိုရင် ကာလရှည်မှာသက်ရောက်မှု မရှိပေမယ့် အခုကဒီကာလတိုမှာတော့ ဈေးကွက်အများကြီး သက်ရောက်မှုဖြစ်တယ်။ အခုမနေ့ကရော၊ ဒီနေ့ရော အကုန်လုံးအရောင်းအဝယ်တွေ ပိတ်တယ်။ ရောင်းရမယ့်သူကလည်း မရောင်းရဲ။သူပြန်ဝယ်ရင် ဈေးတက်မှာဆိုးလို့၊ တကယ်လိုလို့ ဝယ်မယ့်သူကလည်း ဒီမှာတိုးလို့တန်း လန်းဖြစ်နေတယ်။ ဒီငွေစက္ကူအသစ်ထုတ်တယ် ဆိုတာတော့ အဓိကဖြစ်နိုင်ချေအရှိဆုံး သက်ရောက်မှုကတော့ ငွေကြေးဖောင်းပွမှုပေါ့လေ။ ငွေကြေး ဖောင်းပွမှုလို့ တစ်ခုတည်းပြောပေမယ့် သူရဲ့သက် ရောက်မှုက မသေးဘူး၊ ဒီငွေကြေးဖောင်းပွမှုကြောင့်အထဲမှာ ထုတ်လုပ်မှုတွေလည်း ကျလာနိုင်တယ်၊ တဖက်မှာအလုပ်လက်မဲ့တွေလည်း ဖြစ်လာနိုင်တယ်။ အဲဒီကနေတဆင့် ဆူပူမှုတွေဘာတွေ ဖြစ်လာနိုင်တာပေါ့။ ငွေကြေးဖောင်းပွမှုက တကယ့်စီးပွားရေးမှာဆိုရင် ဘုံရန်သူပဲ”လို့ ဆိုပါတယ်။

ဒါ့အပြင် ငွေကြေးမူဝါဒအရ ပြည်တွင်းထုတ်လုပ်မှုတန်ဖိုး GDP တက်လာမှ ငွေကြေးအသစ်တွေ တိုးထုတ်နိုင်ပေမယ့် အခုလို GDP ကျနေချိန်မှာ ကျပ် ၂၀,၀၀၀ တန် ငွေစက္ကူထုတ်ဝေမှုဟာ မြန်မာ့စီးပွားရေးအပေါ် သက်ရောက်မှု ကြီးမာလာနိုင်တယ်လို့ သုံးသပ်တာတွေ ရှိနေပါတယ်။

ဒါပေမဲ့ စစ်ကောင်စီဗဟိုဘဏ်က ကျပ် ၂၀,၀၀၀ တန် ငွေစက္ကူကို အကန့်အသတ်နဲ့ ထုတ်ဝေသွားမှာဖြစ်ပြီး နိုင်ငံအတွင်းသုံးစွဲနေတဲ့ ငွေစက္ကူတွေအနက်မှ ဟောင်းနွမ်းပြီး သုံးစွဲရန်မသင့်တဲ့ ငွေစက္ကူတွေနဲ့ တန်ဖိုးတူလဲလှယ်ပေးသွားမှာဖြစ်တဲ့အတွက် ငွေကြေးဖောင်းပွမှုဖြစ်လာမှာ မဟုတ်ဘူးလို့ ဆိုထားပါတယ်။

စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကလည်း ကျပ် ၂၀,၀၀၀ တန် ငွေစက္ကူ ဂယက်ကြောင့် ဈေးကွက်အတွင်း သက်ရောက်မှုရှိလာပြီး ကုန်ဈေးနှုန်းတွေ ထပ်မံမြင့်တက်လာမယ့် အခြေအနေနဲ့ ရင်ဆိုင်ရဖို့ ရှိနေတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ကျွန်တော်တို့ နိုင်ငံမှာကျတော့ (၂)သောင်းတန်နဲ့ ပတ်သက်ပြီးတော့ နားလည်မှုက နည်းနည်းမှားစ ရာလေးတွေ ဖြစ်လာတော့ ဈေးကွက်စီးပွားရေးမှာတော့ နည်းနည်းအကျိုးသက်ရောက်မှု ရှိသွားတာပေါ့။ ဈေးတွေတက်ကုန်တော့မှာဘဲလို့ ဘာတို့တော့ ပြောကြတာပဲ။ ဒါပေမယ့်လက်ရှိက ဈေးနှုန်းတက်တာတို့ဘာတို့ကကျတော့ ဒီ(၂)သောင်းတန်ကြောင့်တော့ မဟုတ်ဘူး။ ကျွန်တော်တို့ တဖြည်း ဖြည်းနဲ့ Exchangeတွေ များလာတာလည်းပါတယ်။ ရောင်းဝယ်မှုဆိုင်ရာတွေက ခက်ခဲတော့လေ ကုန်ဈေးနှုန်းကတောက်လျှောက်တက်နေတာ။ အခုကတော့ နည်းနည်းပိုတက်တာပေါ့နော်။(၂) သောင်းတန်ကြောင့် သီအိုရီအရတော့ ဘာမှမဖြစ်ပေမယ့် (၂)သောင်းတန် ထွက်လာတဲ့သတင်းကြောင့်တော့ လူတွေကနည်းနည်းလေး ဝယ်ရမှာလား ရောင်းရမှာလား၊ အဲဒီလိုကိစ္စလေးတွေတော့ ဖြစ်ကုန်တာပေါ့”လို့ ဆိုပါတယ်။

စစ်ကောင်စီ ဗဟိုဘဏ်က ကျပ် ၂၀,၀၀၀ တန် ငွေစက္ကူထုတ်ဝေမယ့်အပေါ် အကြောင်းအမျိုးမျိုးပြပြီး ကုန်စည်ဈေးနှုန်းဆွဲတင်ဖို့ လှုံ့ဆော်သူတွေ၊ နိုင်ငံခြားငွေလဲလှယ်နှုန်း မြင့်တက်အောင် ကြိုးစားနေသူတွေကို ဖော်ထုတ်ပြီး အရေးယူနိုင်ဖို့ တရားဥပဒေစိုးမိုးရေး အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

ကျပ် ၂၀,၀၀၀ တန် ငွေစက္ကူကို ဇူလိုင် ၃၁ ရက်နေ့မှာ စတင်ထုတ်ဝေသွားမှာဖြစ်ပြီး အကန့်အသတ်နဲ့သာ ထုတ်ဝေမယ်ဆိုပေမယ့် ဘယ်လောက်ပမာဏအထိ ထုတ်ဝေမယ့်အကြောင်း ပွင့်လင်းမြင်သာမှု မရှိတဲ့အတွက် ငွေကြေးဖောင်းပွမှုဆီ ဦးတည်နေတယ်လို့ သုံးသပ်မှုတွေ ရှိနေတာပါ။

ကမ္ဘာ့ဘဏ်ကတော့ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ချွတ်ခြုံကျနေတဲ့ မြန်မာ့စီးပွားရေး အခြေအ နေဟာ လက်ရှိအချိန်ထိ နာလန်မထူနိုင်သေးဘဲ မူဝါဒအမှားတွေကြောင့် ထပ်ထပ်ခါခါ ကျလာခြင်းတွေက တိုင်းပြည်စီးပွားရေးကို ရာသက်ပန်ထိခိုက်စေမယ်လို့ ပြီးခဲ့တဲ့ ဇွန်လနောက်ဆုံးအပတ်မှာ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ- MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.