လွိုင်ကော်၊ ဇူလိုင်(၂၅)

ကယားပြည်နယ်အတွင်းရှိ နှစ်ဖက်တိုက်ပွဲတွေကြောင့် တောတောင်တွေထဲ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင်ပြည်သူတွေမှာ ငှက်ဖျားရောဂါဖြစ်ပွားမှု စိုးရိမ်ဖွယ်မြင့်တက်လာတယ်လို့ စစ်ရှောင်အရေးကူညီနေသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လဆန်းပိုင်းကစပြီး ကယားပြည်နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတို့ကြား တကျော့ပြန်တိုက်ပွဲတွေ ပိုမိုပြင်းထန်လာတဲ့အတွက် နေရပ်စွန့်ခွာထွက်ပြေးရတဲ့ စစ်ရှောင်အရေအတွက် ထပ်တိုးလာတာ ဖြစ်ပါတယ်။

ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင်ပြည်သူတွေဟာ တောတောင်တွေထဲမှာ အချိန်တစ်ပတ်ကျော်ကြာ နေထိုင်ခဲ့ရတဲ့အတွက် ငှက်ဖျားရောဂါ အစုံအလိုက်အပြုံအလိုက် ဖြစ်ပွားနေတာပါ။

ငှက်ဖျားရောဂါကို တိုက်ပွဲအသစ်တွေကြောင့် ထွက်ပြေးတိမ်းရှောင်လာရတဲ့ စစ်ရှောင်ပြည်သူတွေမှာ ပိုတွေ့လာရပြီး လူ ၁၀ ဦးမှာ ၅ ဦးအထိ ရောဂါဖြစ်ပွားနေတယ်လို့ စစ်ရှောင်အရေးကူညီနေသူတစ်ဦးက ပြောပါတယ်။

” ရွာသစ်ဘက်ကနေရှောင်လာတဲ့စစ်ရှောင်တွေမှာငှက်ဖျားတွေပါလာကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က တောထဲမှာ လေးငါးဆယ်ရက်လောက်အိပ်ခဲ့ကြရတယ်ပေါ့နော်။ အိပ်ခဲ့ကြပြီးတော့မှ သူတို့ဒီဘက်ရောက်လာတော့ငှက်ဖျားတွေရှိကြတယ်ဗျ။ ငှက်ဖျားကလူကြီးနဲ့ တော်လှန်ရေးရဲဘော်တွေမှာ ဖြစ်တာပိုများတယ်ဗျ။ လောလောဆယ်ကျွန်တော်တို့ပြောရမယ်ဆိုရင် လက်တလောတောထဲမှာ စစ်ရှောင်တဲ့စစ်ရှောင်ဆယ်ယောက်မှာ အနည်းဆုံးငါးယောက်က ငှက်ဖျားဖြစ်တယ်။ ဒီမော့ဆိုတကြောမှာတော့ လောလောဆယ်မတွေ့ရသေးဘူး။ ဘာလို့ဆိုသူတို့က ကမ့်ထဲမှာပဲရှိတဲ့အခါကျတော့ ကူးစက်တာမရှိသေးဘူး။ ဒါပေမဲ့အခုမယ်စဲ့၊ ဘော်လခဲဘက်ကနေလာရှောင်တဲ့သူတွေက တောထဲမှာနေရတဲ့အတွက် ငှက်ဖျားတွေပါလာတာအများကြီးရှိတယ်” လို့ ဆိုပါတယ်။

ကယားပြည်နယ်ထဲမှာ တိုက်ပွဲတွေကြောင့် ဒေသခံ ၂ သိန်းကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး အဲဒီထဲက အများစုဟာ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ စစ်ရှောင်စခန်းတွေမှာ ခိုလှုံနေကြတာပါ။

စစ်ရှောင်စခန်းတွေမှာ ခိုလှုံနေတဲ့ဒေသခံတွေမှာလည်း ရာသီတုပ်ကွေးနဲ့ ငှက်ဖျားရောဂါ ဖြစ်ပွားမှု များလာပြီး ရောဂါပြင်းထန်မှုတွေရှိနေတယ်လို့ စစ်ရှောင်အရေးကူညီနေသူတွေက ဆိုပါတယ်။

ဒါပေမဲ့ စစ်ရှောင်ပြည်သူတွေအတွက် လွိုင်ကော်မြို့ပေါ်မှာ ဆေးဝါးဝယ်ယူရာမှာလည်း စစ်ကောင်စီတပ်ရဲ့ စစ်ဆေးမေးမြန်းတာတွေ ရှိနေသလို မကြာခဏဆိုသလို ဖမ်းဆီးခံနေရတာ ဖြစ်ပါတယ်။

တော်လှန်ရေးအင်အားစုတွေ အားကောင်းတဲ့ ကယားပြည်နယ်မှာတော့ စစ်ကောင်စီတပ်က ဆေးဝါးနဲ့ရိက္ခာသယ်ယူခွင့် ကန့်သတ်ထားတဲ့အတွက် စစ်ရှောင်ပြည်သူတွေအတွက် ကျန်းမာရေး စိုးရိမ်စရာ ဖြစ်လာတယ်လို့ စစ်ရှောင်အရေးကူညီသူတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Nway Oo Guru Lay Myar

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.