ပေါင် – ဇူလိုင်(၂၃)

မွန်ပြည်နယ်၊ပေါင်မြို့နယ် ဥတ္တံတားကျေးရွာ ရန်ကုန်-မော်လမြိုင်ကားလမ်းဘေးစားသောက်ဆိုင် မှာ ဥတ္တံတား ကျေးရွာနယ်ထိန်းရဲအပါအဝင် (၂) ဦးပစ်သတ်ခံလိုက်ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။

ဖြစ်စဉ်မှာ ပြီးခဲ့တဲ့ ဇူလိုင်လ(၂၂) ရက်နေ့ ညနေပိုင်းမှာ ဇင်းကျိုက်နယ်မြေရဲစခန်းအပိုင် ဥတ္တံတား ကျေးရွာနယ်ထိန်းရဲ ဖြိုးဇော်အောင်အပြင် ကိုစည်သူ တို့နှစ်ဦးဟာကျော်ကြီးစားသောက် ဆိုင်မှာ ထိုင်နေချိန် သေနတ်သမားတွေက ဝင်ရောက်ပစ်ခတ်ခဲ့တာပါ။

“တစ်ယောက်က နယ်ထိန်း။ တစ်ယောက်က အရပ်သား။ ကားဝပ်ရှော့လုပ်တယ်လို့ သိရတယ်။ သေနတ်သမားတွေက နယ်ထိန်းကို စောင့်ကြည့်နေတာလား။ သတင်းရလို့ လာပစ်သွားတာလား မသိရဘူး။ နှစ်ယောက်စလုံးနေရာမှာပဲ သေသွားတယ်”လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပစ်ခတ်ခံခဲ့ရတာကြောင့် နယ်ထိန်းရဲဖြိုးဇော်အောင်ရဲ့ နားထင်နဲ့ရင်ဘတ်မှာ သေနတ်ကျည် ထိမှန် ဒဏ်ရာနဲ့ စည်သူဆိုသူမှာ ရင်ဘတ်ကျည်ထိမှန်ဒဏ်ရာတွေနဲ့ သေဆုံးသွားတာဖြစ်ပါတယ်။

အဲဒီနောက် သေနတ်သမားတွေဟာ ဆိုင်ကယ်နဲ့ ပြန်ထွက်ခွာသွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လာရောက်စစ်ဆေးမှုတွေပြုလုပ်ခဲ့ကာ ရုပ်အလောင်းတွေကိုတော့ ပေါင်မြို့နယ်ပြည်သူ့ဆေးရုံ ကို ပို့ဆောင်ပေးထားတယ်လို့ သိရပါတယ်။

ဒီပစ်ခတ်မှုနဲ့ပတ်သက်ပြီး ဘယ်အဖွဲ့က လုပ်ဆောင်ခဲ့တယ်ဆိုတာ လက်ရှိအချိန်ထိ ထုတ်ပြန်ထားတာမရှိသေးပါဘူး။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလအစောပိုင်းကလည်း ဥတ္တံကျေးရွာ နယ်ထိန်းရဲ ဖြစ်သူ မျိုးကိုကိုနဲ့ ရဲတပ်သားတစ်ဦး ဖလပ်ကျေးရွာလမ်းပေါ်မှာ ပစ်သတ်ခံထားရပါသေးတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.