နေပြည်တော်၊ ဇူလိုင်(၂၃)

အွန်လိုင်းစနစ်နဲ့ ဈေးရောင်းသူတွေအနေနဲ့ မှတ်ပုံမတင်ပါက အမြင့်ဆုံးထောင်ဒဏ် ၃ နှစ်အပြင် ငွေ ဒဏ် ၅ သိန်းပါ ပြစ်ဒဏ်ချမှတ်ခံရမယ်လို့ စစ်ကောင်စီ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာနက ဇူလိုင် ၂၁ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

စစ်ကောင်စီက အွန်လိုင်းစနစ်နဲ့ ဈေးရောင်းချနေတဲ့ လုပ်ငန်းတွေကို အရေးကြီးကုန်စည်နဲ့ဝန်ဆောင်မှု ဥပဒေပုဒ်မ ၄ ပုဒ်မခွဲ (ဂ) အရ အရေးကြီးဝန်ဆောင်မှုလုပ်ငန်းအဖြစ်သတ်မှတ်ပြီး မည်သူမဆို အွန်လိုင်းစနစ်နဲ့ ဈေးရောင်းပါက မှတ်ပုံတင်လက်မှတ်ရှိမှ လုပ်ကိုင်ရမယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အွန်လိုင်းစနစ်နဲ့ ဈေးရောင်းသူတွေဟာ ကြေညာချက်ထုတ်ပြီး ခြောက်လပြည့်မှစတင်ကာ မှတ်ပုံတင်လက်မှတ်မရှိဘဲ လုပ်ငန်းလုပ်ကိုင်လို့ စိစစ်တွေ့ရှိပါက အရေးကြီးကုန်စည်းနဲ့ဝန်ဆောင်မှု ဥပဒေပုဒ်မ ၅ အရ ထောင်ဒဏ်ရော၊ ငွေဒဏ်ပါချမှတ်သွားမယ်လို့ စစ်ကောင်စီက အကျပ်ကိုင်လာတာ ဖြစ်ပါတယ်။

အရေးကြီးကုန်စည်နဲ့ဝန်ဆောင်မှု ဥပဒေပုဒ်မ ၅ အရ တရားရုံးကပြစ်မှုနဲ့သက်ဆိုင်တဲ့ ပစ္စည်းတွေကို ဖျက်ဆီးဖို့ ဒါမှမဟုတ် နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းတာ၊ အခြားနည်းစီမံခန့်ခွဲမှု အမိန့်ချနိုင်တယ်လို့ ပြဌာန်းထားတာပါ။

အွန်လိုင်းကုန်ပစ္စည်း ရောင်းချနေသူတစ်ဦးကတော့ စစ်ကောင်စီရဲ့ လုပ်ဆောင်ချက်ဟာ အခွန်ရရှိရေးအတွက် အောက်ခြေလူတန်းစားအထိ ငွေညှစ်တာဖြစ်တယ်လို့ ဝေဖန်ပါတယ်။

“အွန်လိုင်းရှော့ပင်က ပိုက်ဆံရှိသမားတွေ လုပ်တာမဟုတ်ဘူး။ ဒီလိုကျောင်းတက်ရင်းနဲ့ ကလေးတွေ တနိုင်တပိုင်လုပ်တာ။ အလုပ်မရှိတဲ့အိမ်ရှင်မတွေ နည်းနည်းပါးပါးစမ်းရောင်းတဲ့သူတွေလေ။ အလုပ်ကလည်း မရှိဘူး။ ရှာရခက်တဲ့အချိန်မှာ ဒါလေးကတော့လုပ်တဲ့သဘောပေါ့။ ဒီလုပ်ငန်းလိုင်စင်လုပ်တယ်ဆိုရင် ရင်းနှီးမှုတွေပေးရမှာလေ။ ပြီးသွားရင် အခွန်ကနှစ်တိုင်းလာပြီးလေ။ အဲဒီဟာဖိုးတွေ ကုန် ကျတဲ့စရိတ်ဆိုတော့ ဘယ်အဆင်ပြေပါ့မလဲ။ ဒီလိုတနိုင်တပိုင် လက်လုပ်လက်စားပုံစံမျိုးအပေါ်မှာတော့ ဒါအခွန်ကောက်ချင်တဲ့ ပုံစံပေါ့နော်။ အခွန်ကောက်တယ်။ လုပ်ငန်းလိုင်စင်လုပ်ခိုင်းတယ်။ အဲဒီလိုမျိုး သူ့ရဲ့ငွေညှစ်တဲ့ဟာက လက်လုပ်လက်စားသမားတွေထိပါ ဖြစ်လာပြီ။ အရင်တုန်းက ငွေညှစ်တာကကြတော့ အပေါ်လူတွေကိုပေါ့နော်။ အခုကကျတော့ ပြည်သူလူထု အောက်ခြေလူတန်းစားအ ထိပါ လိုက်ညှစ်တဲ့ပုံစံမျိုးအထိဖြစ်နေတယ်”လို့ ဆိုပါတယ်။

စစ်ကောင်စီက အွန်လိုင်းဈေးရောင်းသူတွေအနေနဲ့ မှတ်ပုံတင်လက်မှတ် လျှောက်ထားရာမှာ လုပ်ငန်းအမှန်တကယ်တည်ရှိကြောင်းကို ဌာနဆိုင်ရာ ဒါမှမဟုတ် ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေရဲ့ ထောက်ခံ စာ ပါရှိရမှာဖြစ်သလို ကုန်စည်ဒါမှမဟုတ် ဝန်ဆောင်မှုအမျိုးအစား စာရင်းနဲ့အချက်အလက် အာမခံချက်တွေကိုပါ တင်ပြရမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အွန်လိုင်းမှာရောင်းချမယ့် ကုန်ပစ္စည်းတွေအနေနဲ့ မည်သည့်နိုင်ငံက တင်သွင်းတယ်ဆိုတဲ့ အချက်အလက်အပြင် ပြည်တွင်းမှာ ထုတ်လုပ်ပါကလည်း ထုတ်လုပ်ကြောင်း အချက်အလက်ပါရှိရမှာဖြစ်သလို သက်ဆိုင်ရာဌာနဆိုင်ရာအစိုးရ အဖွဲ့အစည်းရဲ့ ခွင့်ပြုထားတဲ့ အထောက်အထားတွေပါ ပါရှိရမှာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။အွန်လိုင်းပစ္စည်းရောင်းဝယ်ရေး လုပ်ကိုင်နေသူတစ်ဦးကလည်း စစ်ကောင်စီရဲ့ အကျပ်ကိုင်မှုကြောင့် တနိုင်တပိုင် လုပ်ကိုင်သူတွေရပ်တည်ဖို့ ခက်ခဲလာနိုင်သလို အများစုဟာ လုပ်ငန်းတွေကို စွန့်လွှတ်ရနိုင်တယ်လို့ ပြောပါတယ်။

“စကစကတော့ လုပ်မှာပဲလေ။ သူမှာမှအခွန်ဘာမှမရတော့တာ။ ဒါပေမယ့်လည်း အလုပ်လုပ်တဲ့သူတွေအဖို့တော့ ဒုက္ခရောက်တာပေါ့၊ စိတ်လည်းဆင်းရဲရတာပေါ့။ အဲဒီတော့ သူကတော့ သူခြယ်လှယ်ချင်တိုင်း ခြယ်လှယ်ပြီး လုပ်ချင်တိုင်းလုပ်မှာပဲ။ ခံနေရတဲ့သူတွေအတွက် စိတ်မကောင်းတာကလွဲလို့ ဘာတတ်နိုင်မှာလဲ။ တပိုင်တနိုင်လုပ်တဲ့သူလေးတွေ ဘယ်လောက်များရနေလို့လဲကွယ်။ သူတို့လည်း ထမင်းစားဖို့တောင် မနည်းလုပ်နေရတာဟုတ်လား။ ဒီလောက်တောင်မှနော်။ တပိုင်တနိုင်လုပ်တဲ့သူတွေတောင်မှ မနေရတော့ဘူး ဖြစ်နေတယ်”လို့ ဆိုပါတယ်။

စစ်ကောင်စီကတော့ အွန်လိုင်းကနေ ဈေးရောင်းချခွင့် မှတ်ပုံတင်လျှောက်ထားသူတွေအနေနဲ့ သက် ဆိုင်ရာ စစ်ကောင်စီလက်အောက်ခံ ဦးစီးဌာနမှာ မှတ်ပုံတင်ကြေးနဲ့ အွန်လိုင်းဝန်ဆောင်ခ ပေးသွင်းရမှာဖြစ်ပြီး မှတ်ပုံတင်ရရှိပါက မှတ်ပုံတင်သက်တမ်းအနေနဲ့ ၂ နှစ် ရရှိမယ်လို့ ဆိုပါတယ်။

မှတ်ပုံတင်ရရှိသူတွေအနေနဲ့ ကုန်စည်နဲ့ဝန်ဆောင်မှုအပေါ်မှာ တာဝန်ယူဖြေရှင်းရမှာဖြစ်သလို အွန်လိုင်းကနေ ရောင်းချခြင်းမှတဆင့် နိုင်ငံရေး၊ အများပြည်သူတည်ငြိမ် အေးချမ်းရေးနဲ့ လုံခြုံရေးပျက်ပြားစေရန် လှုံဆော်ဟောပြောစည်းရုံးတာတွေအပြင် တာဝန်ခံရမယ့် အချက် (၁၅)ချက်ကိုပါ ထုတ်ပြန်ထားတာပါ။

စစ်ခေါင်ဆောင်ကတော့ MSME လုပ်ငန်းတွေ တိုးတက်အောင် တဖွဖွပြောဆိုနေပေမယ့် အွန်လိုင်းရောင်းဝယ်ရေးလုပ်ကိုင်နေသူတွေကို တင်းကျပ်လိုက်တဲ့အတွက် ရေရှည်မှာအွန်လိုင်း ရောင်းဝယ်ရေးလုပ်ငန်းအသေးတွေ ပျောက်ကွယ်သွားမှာဖြစ်သလို အွန်လိုင်းစီးပွားရေးစနစ် တိုးတက်လာတော့မှာ မဟုတ်ဘူးလို့ အွန်လိုင်းမှာရောင်းဝယ်ရေး လုပ်ကိုင်သူတွေက ဆိုကြပါတယ်။

ကမ္ဘာ့ဘဏ်ရဲ့အဆိုအရ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ချွတ်ခြုံကျနေတဲ့ မြန်မာ့စီးပွားရေး အခြေ အနေဟာ လက်ရှိအချိန်ထိ နာလန်မထူနိုင်သေးဘဲ မူဝါဒအမှားတွေကြောင့် ထပ်ထပ်ခါခါ ကျလာခြင်းတွေက တိုင်းပြည်စီးပွားရေးကို ရာသက်ပန် ထိခိုက်စေတယ်လို့ ဇွန် ၂၇ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.