လောင်းလုံး၊ ဇူလိုင်(၂၃)
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဒုဦးစီးမှူးဦးသိန်းဦးဟာ ဇူလိုင် ၂၁ ရက်နေ့ ညပိုင်းမှာ သေနတ်နဲ့ပစ်သတ်ခံရတာကြောင့် သေဆုံးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကိုပြောပါတယ်။
အသက် ၅၃ နှစ်အရွယ် စိုက်ပျိုးရေးအရာရှိ ဦးသိန်းဦးဟာ စိုက်ပျိုးရေးရုံးဝင်းအတွင်း မိသားစုနဲ့အတူ ရှိနေချိန် လက်နက်ကိုင်အဖွဲ့တစ်ခုက ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် နေအိမ်ခြံအနောက်ဘက်မှာ သေနတ်နဲ့ ပစ်သတ်သွားခဲ့တာ ဖြစ်ပါတယ်။
သေနတ်နဲ့ပစ်သတ်ခံရတာကြောင့် ဦးသိန်းဦးဟာ နဖူးကျည်ဖောက်ဝင်ဒဏ်ရာရရှိပြီး အခင်းဖြစ်ရာနေရာမှာပဲ သေဆုံးခဲ့တယ်လို့ သိရပါတယ်။
လောင်းလုံးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဒုဦးစီးမှူးဖြစ်သူ ဦးသိန်းဦးကို လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ LLPDF က ရှင်းလင်းခဲ့တာဖြစ်တယ်လို့ ဇူလိုင် ၂၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
LLPDF က ဦးသိန်းဦးဟာ လောင်းလုံးမြို့နယ်အတွင်း စစ်ကောင်စီ၊ ပျူစောထီးတွေနဲ့အတူ လမ်းမတွေအပေါ် ခရီးသွားပြည်သူတွေကို စစ်ဆေးတာ၊ ဆက်ကြေးတောင်းခံမှုတွေမှာ ပါဝင်နေတာ၊ ထားဝယ် – ရန်ကုန်ကားလမ်းရှိ မလွှဲတောင်ဂိတ်မှာ စစ်ကောင်စီနဲ့အတူ ဆက်ကြေးကောက်ခံမှုတွေကို ရပ်တန့်ဖို သတိပေးထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ ဦသိန်းဦးဟာ အဲဒီလုပ်ရပ်တွေကို ရပ်တန့်မှုမရှိဘဲ ဆက်လက်လုပ်ဆောင်နေတာကြောင့် ရှင်းလင်းခဲ့တာဖြစ်တယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ LLPDF ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။
တနင်္သာရီတိုင်းမှာ ပြီးခဲ့တဲ့ ဇွန်လအတွင်း လက်နက်ကိုင်ပဋိပက္ခတွေကြောင့် အရပ်သား ၂၃ ဦး သတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသတွင်းသုတေသနအဖွဲ့အစည်းတွေက ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-LLPDF