ဘီးလင်း၊ ဇူလိုင်(၂၃)

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ထဲကို တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်ရင်းတွေကနေ နေ့ရောညပါ လက်နက်ကြီးပစ်ခတ်နေတဲ့အတွက် ကျေးရွာ ၃ ရွာက ဒေသခံ ၃၀၀၀ နီးပါး ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ KNU သထုံခရိုင်တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဘီးလင်းနဲ့သထုံမြို့နယ် အခြေစိုက်စစ်ကောင်စီ အမှတ်(၂၀၆) အမြောက်တပ်၊ ခြေမြန်တပ်ရင်း ခမရ (၉) ၊ အမှတ်(၃၁၄) အမြောက်တပ်တို့ဟာ ဇူလိုင် ၂၁ ရက်နေ့ကစပြီး ကျေးရွာတွေထဲကို နေ့ရောညပါ လက်နက်ကြီး အဆက်မပြတ်ပစ်ခတ်နေတာပါ။

စစ်ကောင်စီတပ်ရင်းတွေရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဘီးလင်းမြို့နယ် ရွှေရောင်ပြ၊ ဇီးဝန်း၊ အဝင်းကြီး ကျေးရွာတို့က အိမ်ထောင်စု ၅၀၀ ကျော်၊ လူဦးရေ ၃၀၀၀ နီးပါးဟာ ဘေးလွတ်ရာနေရာတွေကို ထွက်ပြေးတိမ်းရှောင်နေရတာ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုအတွင်း ဘီးလင်းမြို့နယ် ကဇိုင်းကျေးရွာနေ အသက် ၃၅ နှစ်အရွယ် ဒေါ်မဝင်း ဘယ်ဘက်ခြေသလုံး လက်နက်ကြီးကျည်ထိမှန် ဒဏ်ရာရရှိခဲ့တယ်လို့ KNU သထုံခရိုင် တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် သထုံမြို့နယ် မိချောင်းအိုင်၊ မရမ်းကုန်း၊ ဒေါင်းရွာ၊ ပန်းအောင်ကုန်းကျေးရွာတွေက ဒေသခံတွေကလည်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် မနက်ပိုင်းမှာ ယာယီထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ညနေပိုင်းမှာတော့ နေရပ်ပြန်လာကြပြီလို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁၄ ရက်နေ့ကလည်း မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ထဲကို စစ်ကောင်စီတပ် စစ်ကြောင်းဝင်ရောက်လာတဲ့အတွက် ဇီးကုန်းကျေးရွာအပါအဝင် ကျေးရွာ ၇ ရွာက ဒေသခံ ၃၀၀၀ နီးပါး ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ KNU သထုံခရိုင်ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.