နေပြည်တော်၊ ဇူလိုင်(၂၃)

အာဏာသိမ်းစစ်ကောင်စီ ကျင်းပဖို့ ကြိုးပမ်းနေတဲ့ ငြိမ်းချမ်းရေးညီလာခံကို မြောက်ပိုင်းတိုင်းရင်း သား လက်နက်ကိုင်အဖွဲ့အစည်း EAO သုံးဖွဲ့ တက်ရောက်မှာမဟုတ်ဘူးလို့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) က သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၀ နဲ့ ၂၁ ရက်နေ့တို့မှာ စစ်ကောင်စီ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့(NSPNC) နဲ့ အပစ်ရပ်မထိုးတဲ့ မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ ဖြစ်တဲ့ “ဝ” အဖွဲ့ UWSP၊ မိုင်းလားအဖွဲ့ NDAA နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP က ကိုယ်စားလှယ်တို့ နေပြည်တော်မှာ ဆွေး နွေးခဲ့ကြတာပါ။

ဆွေးနွေးပွဲပထမရက်မှာတော့ အရင်ဆွေးနွေးပွဲတွေမှာ သဘောတူထားတဲ့အချက်တွေကို အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရေး၊ ငြိမ်းချမ်းရေးညီလာခံကျင်းပရေး၊ ဒေသဖွံ့ဖြိုးရေးဆောင်ရွက်မှု အ ခြေအနေတွေနဲ့ EAO တွေဘက်က ဆွေးနွေးလိုတဲ့အချက်တွေကို အပြန်လှန်ဆွေးနွေးညှိနှိုင်းခဲ့ကြတယ်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ပါတယ်။

ဒုတိယရက်မှာတော့ နှစ်ရက်တာဆွေးနွေးညှိနှိုင်းချက်တွေအရ နှစ်ဖက်သဘောထားတွေကို ထပ်မံဆွေးနွေးကြပြီး အပြီးသတ်ရရှိလာတဲ့ သဘောတူညီချက်တွေကို အတည်ပြုလက်မှတ်ရေးထိုးပြီး အ ပြန်အလှန်လဲလှယ်ခဲ့ကြတယ်လို့ စစ်ကောင်စီက ဆိုပါတယ်။

ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီး စိုင်းဆုက ငြိမ်းချမ်းရေးညီလာခံနဲ့ပတ်သက်ပြီး လတ်တလောမှာ အဖွဲ့အစည်းအတွင်း ကြေကြေလည်လည် မတင်ပြနိုင်သေးတဲ့အတွက် တကယ်လို့ကျင်းပခဲ့ရင် မတက်ရောက်နိုင်သေးတာကို လက်မှတ်ရေးထိုးခဲ့တယ်လို့ ပြောပါတယ်။

“ငြိမ်းချမ်းရေးညီလာခံလုပ်ချင်တဲ့ကိစ္စ ဘယ်လိုမြင်တယ်ဆိုတာ သူတို့က (NSPNC) ဆွေးနွေးတယ်၊ သူတို့လုပ်ချင်တဲ့ဟာ ဘာညာပေါ့၊ ထောက်ခံလား၊ မထောက်ခံလားဆိုတာမျိုးပေါ့။ ကျွန်တော်တို့လည်း နားလည်တယ်။ ထောက်ခံတယ် မထောက်ခံဘူးဆိုတာ ကျွန်တော်တို့ကိုယ်စားလှယ်တွေလောက်ပဲဖြစ်တော့ အဖွဲ့အစည်းရဲ့ သဘောထားအားလုံး ကြေကြေလည်လည် မတင်ပြနိုင်သေးတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်တို့က မှတ်ချက်မပေးနိုင်သေးဘူး ခင်ဗျ။ အဲဒီလိုလေးပါပဲ လက်မှတ် ထိုးတာ လတ်တလောမှာ မတက်နိုင်သေးဘူး၊ အကယ်လို့ (ငြိမ်းချမ်းရေးညီလာခံ)လုပ်မယ်ဆိုရင် ကျွန် တော်တို့ မတက်နိုင်ဘူး၊ ပါဝင်တက်ရောက်နိုင်ဖို့ ကျွန်တော်တို့ သုံးဖွဲ့အဆင်သင့်မဖြစ်ဘူးပေါ့”လို့ သူ က ဆိုပါတယ်။

အကြိမ်တွေ့ဆုံဆွေးနွေးမှုဟာ ပြီးခဲ့တဲ့အကြိမ်တွေက ဆွေးနွေးပြီးခဲ့တဲ့ ကိစ္စတွေကို ပြန်စုစည်းပြီး သ ဘောတူ လက်မှတ်ထိုးတာလောက်ပဲရှိတယ်လို့ ဒုတိယဗိုလ်မှူးကြီး စိုင်းဆုက ရှင်းပြပါတယ်။ပြီးခဲ့တဲ့ မတ် ၂၂ နဲ့ ၂၃ ရက်နေ့တုန်းကလည်း စစ်ကောင်စီ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့က ရွေး ကောက်ပွဲနဲ့ ငြိမ်းချမ်းရေးညီလာခံကျင်းပဖို့ကိစ္စရပ်နဲ့ပတ်သက်ပြီး အပစ်ရပ်မထိုးတဲ့ မြောက်ပိုင်း EAO သုံးဖွဲ့ကို ဆွေးနွေးခဲ့ပါသေးတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဇွန်နောက်ဆုံးပတ်မှာလည်း အပစ်ရပ်ထိုး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေဖြစ်တဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မ တော် (DKBA)၊ ကရင် ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) ၊ လားဟူဒီမိုကရက်တစ်အစည်း အရုံး (LDU) နဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) တို့ကို ဆွေးနွေးတင်ပြခဲ့တာပါ။

အဲဒီနောက်ပိုင်း မွန်ပြည်သစ်ပါတီ (NMSP) နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (SSPP) တို့ကို ဇူလိုင်ပထမပတ်နဲ့ ဒုတိယပတ်တို့မှာ စစ်ကောင်စီ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့က တစ်ဖွဲ့ချင်းစီတွေ့ဆုံပြီး ငြိမ်းချမ်းရေးညီလာခံကျင်းပရေးကိစ္စ ထပ်မံတင်ပြခဲ့ပါတယ်။

နိုင်ငံရေးအကဲခတ်တွေကတော့ စစ်ကောင်စီနဲ့ ဆွေးနွေးနေကြတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေဟာ စစ်အာဏာရှင်စနစ်အမြစ်ပြတ်ချေမှုန်းရေးတိုက်ပွဲမှာ ပါဝင်နေကြသူတွေ မဟုတ်တဲ့အတွက် ငြိမ်းချမ်းရေးညီလာခံ ဖြစ်လာနိုင်စရာမရှိဘူးလို့ သုံးသပ်ကြပါတယ်။

လက်ရှိမှာလည်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ချင်း၊ကရင်နီနဲ့ စစ်ကိုင်းဒေသတို့မှာ အဆိုးဝါးဆုံးအခြေအနေဖြစ်နေတာကြောင့် လုံခြုံရေးပိုမိုလုပ်ဆောင်ဖို့ ပြီးခဲ့တဲ့ ဇူလိုင် ၁၃ ရက်နေ့က ထုတ်ပြောထားပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း လက်ရှိအချိန်ထိ အပစ်ရပ်ထိုးတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၇ ဖွဲ့နဲ့ အပစ်ရပ်မထိုးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၃ ဖွဲ့တို့က စစ်ကောင်စီနဲ့ ၅ ကြိမ်ထက်မနည်း ဆွေးနွေးထားကြပြီး ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.