ကျောက်တံခါး၊ ဇူလိုင်(၂၃)

ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ်ထဲက ကျေးရွာတွေထဲကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်က ဒေသခံပြည်သူ ၃ ဦးကို သတ်ဖြတ်သွားခဲ့သလို ပြည်သူလူထု ၅၀၀၀ ကျော် ထွက် ပြေးတိမ်းရှောင်နေခဲ့ရတယ်လို့ ကျောက်တံခါးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဇူလိုင် ၂၂ ရက်နေ့မှာ သတင်းထုတ်ပြန် ပါ တယ်။

ကျောက်တံခါးမြို့နယ်၊ ရန်ကုန်-မန္တလေးလမ်းဟောင်း မိုင်တိုင်(၁၀၁)အနီး စစ်ကောင်စီအထိုင်ချရာ KTV ကို ဇူလိုင် ၁၈ ရက်နေ့ ညပိုင်းမှာ တော်လှန်ရေးအင်အားစုပူးပေါင်းအဖွဲ့တွေက ဝင်ရောက်တိုက် ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ၄ ဦး သေဆုံးပြီး ၂ ဦးဒဏ်ရာရရှိခဲ့သလို ဇူလိုင် ၁၉ ရက်နေ့ တိုက်ပွဲမှာလည်း စစ်ကောင်စီဘက်က ၈ ဦးသေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဇူလိုင် ၂၀ ရက်နေ့ မနက်ပိုင်းကလည်း ကျောက်တံခါးမြို့အရှေ့ဘက် နံဇကျေးရွာထဲကို စစ်ကြောင်းထိုးဝင်ရောက်လာခဲ့တဲ့ စစ်ကောင်စီတပ်စစ်ကြောင်းနဲ့ တော်လှန်ရေးအင်အားစုပူးပေါင်းအဖွဲ့တို့ကြား ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၁၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး ဒဏ်ရာအများအ ပြားရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

နံဇကျေးရွာအတွင်း ဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာ စစ်ကောင်စီတပ်က နံဇကျေးရွာက သက်ကြီးရွယ်နဲ့ စိတ်ကျန်းမာရေးမကောင်းသူအပါအဝင် ဒေသခံပြည်သူ ၃ ဦးကို သတ်ဖြတ်သွားခဲ့ပြီး နေအိမ် ၇ လုံးကို မီးရှို့ဖျက်ဆီးသွားခဲ့သလို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်ကလည်း ၁ ဦး ကျဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဇူလိုင် ၂၁ ရက်နေ့လည်း နံဇကျေးရွာအတွင်းမှာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေရဲ့ စနိုက်ပါနဲ့ပစ် ခတ်မှုကြောင့် စစ်ကောင်စီ ၃ ဦး သေဆုံးခဲ့ပြီး စစ်ကောင်စီစစ်ကြောင်းမှာ အမျိုးသမီးစစ်မေတွေ ပါဝင်လာတာကိုတွေ့ရသလို တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က စစ်တောင်းမြစ်ကမ်းနံဘေးကျေးရွာတွေထဲကို လက်နက်ကြီး ၆၀ မမ တွေနဲ့ ရမ်းသမ်းပစ်ခတ်နေတယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် ဇူလိုင် ၂၂ ရက်နေ့မှာလည်း အင်အား ၆၀ နီးပါးပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ သူဌေးကုန်းရွာကို ကား ၃ စီးနဲ့ရောက်လာပြီး တောင်ခင်ကျေးရွာဘက်ကို သွားရောက်မယ်လို့ သတင်းကြားရတယ်လို့ ကျောက်တံခါးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က အသိပေးထားပါတယ်။

ကျောက်တံခါးမြို့နယ်ထဲမှာ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းထိုးဝင်ရောက်လာမှုနဲ့ လူ့အခွင့်အရေးချိုးဖောက်ကျူးလွန်မှုတွေကြောင့် နံဇကျေးရွာအုပ်စုနဲ့ တောင်ခင်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများက ဒေသခံပြည်သူ ဦးရေ ၅၀၀၀ ကျော်ဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေခဲ့ရတယ်လို့ မြို့ နယ်(ပကဖ)အဖွဲ့ရဲ့ ထုတ် ပြန်ချက်အရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.