ကျိုက်ထို၊ ဇူလိုင်(၂၃)

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်အခြေစိုက် တော်လှန်ရေးအဖွဲ့တစ်ခုဖြစ်တဲ့ ကျိုက်ထိုတော်လှန်ရေးအင် အားစု KRF အဖွဲ့ဝင် ၃ ဦး ဖမ်းမိထားတယ်လို့ စစ်ကောင်စီ တယ်လီဂရမ်တွေကနေ ဇူလိုင် ၂၂ ရက်နေ့မှာ ဝါဒဖြန့်ထုတ်ပြန်ပါတယ်။

KRF အဖွဲ့ဝင်တွေလို့ စွပ်စွဲဖမ်းဆီးထားတဲ့ ကိုပြည်စုံမောင်မောင်၊ ကိုအာဏာပိုင်စိုးနဲ့ ကိုဧပရယ်ဟိန်းတို့ ၃ ဦးကို ကျိုက်ထီးရိုးတောင်တက် ကားဂိတ်အနီးမှာ ဇူလိုင် ၆ ရက်နေ့ ညနေ ၇ နာရီဝန်းကျင်က ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးခံလူငယ် ၃ ဦးဟာ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၁ နယ်မြေမှာ စစ်သင်တန်း တက်ရောက်ပြီး ရဲပြေးအေးမင်းထွန်းဦးဆောင်တဲ့ KRF အဖွဲ့နဲ့ပူးပေါင်းကာ အကြမ်းဖက်လုပ်ငန်းတွေ လုပ်ဆောင်နေသူတွေ ဖြစ်တယ်လို့ စွပ်စွဲထားတာပါ။

ဒါ့အပြင် အဲဒီလူငယ် ၃ ဦးဟာ ဝင်းကရဲစခန်းတိုက်ခိုက်မှု၊ ကျိုက်ထိုမြို့နယ်အတွင်း အကြမ်းဖက်ဖောက်ခွဲတိုက်ခိုက်မှုတွေနဲ့ ကျိုက်ထီးရိုးတောင်တက်လမ်းက လေးဖာတော တံတားဖောက်ခွဲမှုတွေမှာ ပါဝင်လုပ်ဆောင်ခဲ့သူတွေဖြစ်တယ်လို့ ဆိုထားပါတယ်။

သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်းက စစ်ကောင်စီတပ် ဖမ်းဆီးထားတဲ့ လူငယ်တွေဟာ KRF အဖွဲ့ဝင်တွေမဟုတ်သလို ဘယ်ကမှန်းမသိတဲ့ လူငယ်တွေကို ဖမ်းဆီးပြီးဝါဒဖြန့်တာလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

ကျိုက်ထိုမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်ဟာ ဒေသခံတွေကို PDF တွေနဲ့ ပတ်သက်တယ်လို့ စွပ်စွဲကာ မကြာခဏဖမ်းဆီးတာတွေရှိနေသလို လုပ်ငန်းရှင်တွေကိုလည်း ဖမ်းဆီးပြီးနောက် ငွေတောင်းခံပြီး ပြန်လွှတ်တာတွေရှိနေတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-KRF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.