မော်လမြိုင်- ဇူလိုင်(၂၃)

စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မြန်မာနိုင်ငံဗဟိုဘဏ်က “နှစ်သောင်းကျပ်တန်” ငွေစက္ကူ အမျိုးအစားအသစ်ကို လာမယ့် ဇူလိုင် ၃၁ ရက်နေ့မှစပြီး ထုတ်ဝေသွားမယ်လို့ ဝါဒဖြန့် MRTV သတင်းကနေ ဒီနေ့မနက်ပိုင်းမှာ ကြေညာလိုက်ပါတယ်။

စစ်ခေါင်းဆောင် ဦးစီးတည်ဆောက်တဲ့ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်ပြီးစီးမှုနဲ့ ပြီးခဲ့တဲ့ ဇူလိုင် ၂၃ ရက်နေ့မှာ တွေ့ရှိခဲ့တဲ့ ဆင်ဖြူတော်ရတနာ”ရဋ္ဌနန္ဒက”ရဲ့ တစ်နှစ်မြောက်မွေးနေ့ အထိမ်းအမှတ် အနေနဲ့ ကျပ် ၂၀,၀၀၀ တန် ငွေစက္ကူကို ထုတ်ဝေရတာလို့ ဆိုပါတယ်။

ကျပ် ၂၀,၀၀၀ တန် ငွေစက္ကူကို အရေအတွက် အကန့်အသတ်နဲ့သာ ထုတ်ဝေသွားမှာ ဖြစ်ပြီး မြန်မာနိုင်ငံတွင်း လှည့်လည်သုံးစွဲနေတဲ့ ငွေစက္ကူတွေအနက် ဟောင်းနွမ်းနေတဲ့ ငွေစက္ကူတွေ ကိုလည်း တန်ဖိုးတူ လဲလှယ်ပေးသွားမယ်လို့ စစ်ကောင်စီက ထုတ်ပြန်တာပါ။

အစိမ်းနုရောင် ကျပ် ၂၀,၀၀၀ တန် ငွေစက္ကူအသစ်ရဲ့ အရှေ့ဘက်မှာ ရတနာဆင်ဖြူတော် ဦးခေါင်းပုံ ရေစာပါရှိမှာ ဖြစ်ပြီး အနောက်ဘက်မှာ စစ်ကိုင်းတံတား၊ဧရာဝတီတံတား(ရတနာပုံ) ရိုက်နှိပ်ထားတယ်လို့ ဖော်ပြပါတယ်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်ဘုရားဒါယကာအဖြစ် တည်ဆောက် တဲ့ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်ကို လာမယ့် သြဂုတ် ၁ ရက်နေ့မှာ ရဟန်းသံဃာတော်အပါး (၉၀၀) ပင့်ဖိတ်ပြီး အနေကဇာတင်သွားမယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ခေါင်းဆောင်ဟာ ဒီနေ့ မနက်ပိုင်းမှာလည်း မာရဝိဇယဗုဒ္ဓရုပ်ပွားတော် တည်ဆောက်ပြီးစီးမှု အထိမ်းအမှတ်အဖြစ် ရဟန်းရှင်နဲ့လူပေါင်း ၁၀၀ ကျော်ကိုလည်း ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်တွေ ချီးမြှင့်သွားမယ်လို့ ကြေညာထားပါတယ်။

သတင်း- သံလွင်တိုင်းမ်

ဓာတ်ပုံ – စစ်ကောင်စီဝါဒဖြန့်မီဒီယာ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.