ရန်ကုန် – ဇူလိုင်(၂၂)

မြန်မာ့ရုပ်ရှင် ဇာတ်လမ်းတွဲတွေ ရိုက်ကူးချိန်မှာ ရိုက်ကူးရေးမစတင်ခင် ဇာတ်လမ်းအကျဉ်းနဲ့ အခန်းစဉ်တွေကို လာမယ် ဩဂုတ်လ(၁) ရက်နေ့ကစပြီး ဗီဒီယိုဆင်ဆာအဖွဲ့ကို တင်ပြရမှာ ဖြစ်တယ်လို့ စစ်ကောင်စီလက်အောက်ခံ ရုပ်ရှင်အစည်းအရုံးက ဇူလိုင်လ (၂၁)ရက်နေ့ကသတင်း ထုတ်ပြန်ထားပါတယ်။

ရုပ်မြင်သံကြားလုပ်ငန်း လုပ်ကိုင်သူတွေနဲ့ ထုတ်လုပ်ရေးလုပ်ငန်းတွေက ရိုက်ကူးမယ့် မြန်မာဇာတ်လမ်းတွဲတွေမှာ ခွင့်ပြုချက်ရယူဆောင်ရွက်ရမှာဖြစ်တယ်လို့ ဆိုထားတာပါ။

“အရင်ကတော့ ရုပ်ရှင်ကားကြီးပဲ ဇာတ်လမ်းတင်ရတာ၊ အခုတော့ ဇာတ်လမ်းတွဲတွေပါ တင်ရတော့မှာဖြစ်တယ်။ ဇာတ်လမ်းတိုနဲ့ ဗီဒီယိုတွေကိုတော့ မတင်ခိုင်းသေးဘူး” လို့ ရုပ်ရှင်ထုတ်လုပ်ရေးလုပ်ငန်းတစ်ခုက တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ် ကိုပြောပါတယ်။

လက်တလောမှာတော့ မြန်မာနိုင်ငံမှာ ဇာတ်လမ်းတွဲ ရိုက်ကူးမှုတွေများလာပြီး ဝင်ငွေကောင်းလာတဲ့ အခြေအနေမှာရှိတယ်လို့ သူက ပြောပါသေးတယ်။

ဇာတ်လမ်းတွဲ ရိုက်ကူးသူတွေအနေနဲ့ ရိုက်ကူးရေးမစခင်မှာ ဇာတ်လမ်းခွင့်ပြုချက် တင်ရမှာဖြစ်သလို ဆင်ဆာအဖွဲ့က ပြင်ဆင်ဖို့ ညွှန်ကြားလာရင် ပြန်လည်ပြင်ဆင်ပေးရတော့မှာဖြစ်တယ်လို့ သိရပါတယ်။

ဆင်ဆာအဖွဲ့ကို ကြိုတင်ပြသထားတာမရှိဘဲ ရိုက်ကူးရေးအရင်လုပ်ပြီး တင်လာတဲ့ ရုပ်သံဇာတ်လမ်းတွဲတွေကိုတော့ ကြည့်ရှု့စစ်ဆေးပေးမှာမဟုတ်ဘူးလို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးအဖွဲ့ဝင် ဦးအေးကြူလေးကို သံလွင်တိုင်းမ် ကဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဆက်သွယ်လို့တော့ မရခဲ့ပါဘူး။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – စစ်ကောင်စီဝါဒဖြန့်မီဒီယာ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.