မော်လမြိုင်၊ ဇူလိုင်(၂၂)

မွန်ပြည်နယ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ဖြစ်ပွားခဲ့တဲ့ ရေကြီးရေလျှံမှုနဲ့ သဘာဝဘေး ဖြစ်စဉ်တွေအပေါ် စစ်ကောင်စီရဲ့ ကူညီဆောင်ရွက်ပေးမှု မရှိသလောက် နည်းပါးခဲ့တယ်လို့ ဒေသခံတွေနဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁၈ ရက်နေ့ကနေ ၁၉ ရက်နေ့အထိ မွန်ပြည်နယ်ရဲ့ မြို့နယ်တွေဖြစ်တဲ့ မော်လမြိုင်၊ ချောင်းဆုံ၊ မုဒုံ၊ သံဖြူဇရပ်၊ ကျိုက်မရော၊ ရေးနဲ့ ပေါင်မြို့နယ်တို့မှာ မိုးအဆက်မပြတ် ရွာသွန်းခဲ့တာကြောင့် ရေကြီးရေလျှံတာ၊ ကားလမ်းရေကျော်တာနဲ့ တောင်မြေပြိုမှုတွေ ဖြစ်ပွားခဲ့တာပါ။

ဒီသဘာဝဘေးဖြစ်စဉ်မှာ ပြည်သူတွေဟာ မိမိတို့ အစီအစဉ်နဲ့ ကိုယ်ထူကိုယ်ထ အရေးပေါ် ပြောင်းရွှေ့ရတာ၊ လူမှုကယ်ဆယ်ရေးအဖွဲ့တွေရဲ့ အကူအညီနဲ့သာရပ်တည်ခဲ့ပြီး စစ်ကောင်စီရဲ့ ကူညီဆောင် ရွက်ပေးမှုမရရှိခဲ့ကြဘူးလို့ ဒေသခံတွေက ပြောဆိုချက်တွေအရ သိရပါတယ်။

ဒေသခံတစ်ဦးကလည်း သဘာဝဘေး ဖြစ်စဉ်တွေမှာ ပရဟိတလူမှုကယ်ဆယ်ရေးအဖွဲ့တွေကသာ ရှေ့ဆုံးကကူညီဆောင်ရွက်ပေးခဲ့ပြီး စစ်ကောင်စီလက်အောက်ခံ လူကယ်ပြန်အဖွဲ့တွေကတော့ သဘာဝဘေးမဖြစ်ခင် သရုပ်ပြလုပ်ဆောင်မှုသာရှိကာ လက်တွေ့ကူညီတာမရှိဘူးလို့ ပြောပါတယ်။

“ပရဟိတအဖွဲ့တွေကတော့ သူကဖြစ်လာတာနဲ့ သူတို့မှာက အလှူငွေကရှိပြီးသားပဲလေ။ အရေးကြုံလာတာနဲ့ ပရဟိတကတော့ ရှေ့ဆုံးကပဲ။ အစိုးရကတော့ ဘတ်ဂျက်တို့ဘာတို့နဲ့ သူတို့ကရှုပ်တာကို၊ သူတို့က အမြဲအနောက်မှာ ကျန်နေတာပဲ။ ပရဟိတသမားတွေဘဲ အရှေ့မှာရှိနေတာ။ လူကယ်ပြန်တွေလည်း သူတို့ သရုပ်ပြပွဲတွေ ဘာတွေတော့လုပ်တာပဲ။ ဒါပေမယ့် ပျက်စီးတာတွေဘာတွေ မရှိဘူးဆိုရင် သူတို့ကထောက်ပံ့တာတွေ သိပ်မရှိဘူးလေ။ စားဖို့သောက်ဖို့ ခက်ခဲတဲ့အခြေအနေကြတော့လည်း ဒါကပရဟိတသမားတွေပဲ လုပ်တာများတာကို။ ကမ်းပြိုတာတို့၊ အိမ်တွေဘာတွေ ပျက်စီးတာတို့ဆိုရင်တော့ သူတို့ရောက်လာတာပဲ။ သူတို့လာလှူတာပေါ့၊ အခုကလည်း ကြားကာလတစ်ခုလို ဖြစ်နေတော့ သူတို့ဘက်ကဝင်မပါတာလည်း ဖြစ်ရင်ဖြစ်မှာပေါ့” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် ရေကြီးရေလျှံမှုဖြစ်စဉ်တွေမှာ စစ်ကောင်စီလက်အောက်ခံတွေက ကူညီဆောင်ရွက်ပေးတာ မရှိတဲ့အတွက် နီးစပ်ရာနေရာတွေကို လူမှုကယ်ဆယ်ရေးအဖွဲ့ အကူအညီအပြင် မိမိတို့ကိုယ်တိုင် ပြောင်းရွှေ့နေထိုင်ခဲ့ရသလို စားသောက်ဖို့အတွက်ကိုတော့ အလှူရှင်တွေက ကူညီဆောင်ရွက်ပေးခဲ့တာ ဖြစ်ပါတယ်။

လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးကတော့ လက်ရှိဖြစ်ပေါ်ခဲ့တဲ့ သဘာဝဘေးဖြစ်စဉ်မှာ စစ်ကောင်စီက လာရောက်ကြည့်ရှုခဲ့တာရှိပေမယ့် ထိထိရောက်ရောက် ကူညီဆောင်ရွက်ပေးတာမရှိဘူးလို့ ဝေဖန်တာပါ။

“မနေ့ကတော့ လူကြီးတွေလာသွားတယ်။ လူကြီးတွေလာတာပဲသိတယ်။ ကူညီပေးသွားတာတော့ မကြားမိလိုက်ဘူးပေါ့နော်။ လာကြည့်သွားတာပဲ ရှိတယ်။ အရင်လိုမျိုးတော့ ထိထိရောက်ရောက် ကူညီတာတော့ မတွေ့ရသေးဘူးပေါ့လေ။ ကယ်ဆယ်ရေး အသင်းတွေနဲ့ အလှူရှင်တွေပဲလာပြီးတော့ အဓိ ကကူတာ များတာပေါ့လေ။ လိုတာတော့ အခုမှမဟုတ်ဘူးလေ။ မဖြစ်ခင်ကတည်းက ကြိုပြီးတော့ပြင်ရမယ်။ နောက်ပြီးတော့ လမ်းတွေဘာတွေ မြောင်းတွေဆိုရင်လည်း သေချာမလုပ်ပေးဘူးပေါ့နော်။ မနေ့ကဖြစ်တဲ့ ရေကြီးရေလျှံသွားတဲ့နေရာတွေက ဒီလောက်မိုးနဲ့ မဖြစ်နိုင်တဲ့နေရာပေါ့လေ။ သဘာဝဘေးအန္တရာယ်ကတော့ ဒီအတိုင်းသွားရင်တော့ နောက်လည်းဖြစ်နေမှာပဲ။ မဖြစ်ခင်လည်း မကာကွယ်ပေးသလို ဖြစ်တော့လည်း ထိထိရောက်ရောက် မလုပ်ပေးနိုင်သေးဘူးပေါ့လေ။ ဖြစ်လာခဲ့ရင်လည်း မီးသတ်တပ်ဖွဲ့ဝင်ဖြစ်ဖြစ်၊ အခုအစိုးရအဖွဲ့ဆိုရင် အစိုးရအဖွဲ့ကရှိတဲ့ တာဝန်ရှိတဲ့သူတွေ မြန်မြန်လာပေးနိုင်ရင်တော့ ပိုကောင်းတာပေါ့။ မနေ့ကလိုမျိုး ရေကြီးတဲ့နေရာမှာ အနည်းဆုံးသွားလို့လာရခက်တော့ ထမင်းငတ်တဲ့သူလည်း ရှိတာကိုး။ အလှူရှင်တွေရှိလို့၊ ကယ်ဆယ်ရေး အဖွဲ့တွေရှိလို့ ထမင်းမငတ်ခဲ့ဘူးပေါ့လေ”လို့ ဆိုပါတယ်။

သဘာဝဘေးဖြစ်ပေါ်ခဲ့တဲ့ မြို့နယ်တွေအနက် မော်လမြိုင်နဲ့ မုဒုံမြို့နယ် ၂ ခုကိုသာ စစ်ကောင်စီခန့် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ဦးဆောင်တဲ့အဖွဲ့က သွားရောက်ခဲ့ပြီး အဲဒီထဲက ရေဘေးသင့်ပြည်သူ ၃၀၀ ကျော်အတွက် ဆန်၊ ကြက်ဥ၊ ခေါက်ဆွဲခြောက်တွေကိုသာ ဟန်ပြအနေနဲ့ ပေးဆောင်ခဲ့တယ်လို့ သိရပါတယ်။

သံလွင်တိုင်းမ်က ကောက်ယူထားတဲ့ အချက်အလက်တွေအရ မွန်ပြည်နယ်ရဲ့ သဘာဝဘေး ဖြစ်စဉ်မှာ ကလေးငယ်တွေအပါအဝင် ၄ ဦး ရေနစ်သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့သလို ရေဘေးသင့်ပြည်သူ ထောင်နဲ့ချီရှိခဲ့တာပါ။

အဲဒီထဲမှာ ချောင်းဆုံမြို့နယ် တောင်မြေပြိုမှုကြောင့် နေအိမ်တစ်လုံး ထိခိုက်ပျက်စီးခဲ့ပြီး အိမ်ထောင် စု ၇ စု ရွေ့ပြောင်းခဲ့ရသလို ရေကြီးရေလျှံမှုကြောင့် ရေး-ကျောင်းရွာလမ်းပိုင်းက တံတား ၁ စင်း ပြိုကျမှု ဖြစ်စဉ်ဖြစ်ပေါ်ခဲ့တာပါ။

မွန်ပြည်နယ်ဟာ ရေကြီးရေလျှံတာနဲ့ တောင်မြေပြိုတဲ့ သဘာဝဘေး ဖြစ်စဉ်ကို နှစ်စဉ်ခံစားနေရသလို ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် သဘာဝဘေးဖြစ်စဉ်မှာ လူဦးရေ ၇၀ နီးပါး သေဆုံးခဲ့တာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.