မော်လမြိုင်၊ ဇူလိုင်(၂၂)

မွန်ပြည်နယ်တဝှမ်း ရေကြီးရေလျှံမှုဖြစ်စဉ်အတွင်း ကလေးငယ်တွေအပါအဝင် ၄ ဦး ရေနစ်သေဆုံးပြီး ဒဏ်ရာရသူ ၂ ဦး ရှိတယ်လို့ သံလွင်တိုင်းမ်က ကောက်ယူထားတဲ့စာရင်းတွေအရ သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁၈ ရက်နေ့ မနက်ပိုင်းကတည်းက မိုးအဆက်မပြတ် ရွာသွန်းခဲ့တဲ့အတွက် မွန်ပြည်နယ်ရဲ့ မော်လမြိုင်၊ ရေး၊ ပေါင်၊ ချောင်းဆုံ၊ မုဒုံ၊သံဖြူဇရပ်နဲ့ကျိုက်မရောမြို့နယ်တို့မှာ ရေကြီးရေလျှံတာနဲ့ တောင်မြေပြိုမှုတွေ ဖြစ်ပေါ်ခဲ့တာပါ။

ရေကြီးရေလျှံမှုကြောင့် မော်လမြိုင်မှာ တစ်နှစ်ခွဲအရွယ် ကလေးငယ် တစ်ဦး အပါအဝင် ၁၃ နှစ်အ ရွယ် ကလေးငယ် ၂ ဦး ရေနစ်သေဆုံးခဲ့တာပါ။

ပေါင်မြို့နယ် ရေကြီးရေလျှံနေစဉ် တောင်ကျရေဆင်းနေချိန် ထင်းလိုက်ဆယ်တဲ့ အမျိုးသား ၁ ဦး ရေစီးနဲ့မျောပါ ပျောက်ဆုံးသွားပြီးနောက် ဇူလိုင် ၂၀ ရက်နေ့မှာ ဥတ္တံကျေးရွာ ချောင်းနှစ်ခွပင်လယ်ဝအနီး အလောင်းပြန်လည်တွေ့ရှိခဲ့ပါတယ်။

ဒါ့အပြင် ဇူလိုင် ၁၉ ရက်နေ့ မနက်ပိုင်းကလည်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မော်လမြိုင်မြို့၊ ညောင်ပင်ဆိပ်ရပ်ကွက်ရှိ ၅ ခန်းတွဲအဆောင်ပေါ် အုတ်တံတိုင်းပြိုကျလို့ ကိုကျော်သက်နဲ့မကြည်ကြည်ခိုင်တို့ လင်မယား ၂ ဦး ဒဏ်ရရှိခဲ့ပါတယ်။

ချောင်းဆုံမြို့နယ် တောင်မြေပြိုကျမှုကြောင့် နေအိမ်တစ်လုံး ထိခိုက်ပျက်စီးခဲ့ပြီး အိမ်ထောင်စု ၇ စု ရွေ့ပြောင်းခဲ့ရသလို ရေးမြို့နယ်ကျောက်မိကျောင်းကျေးရွာ ရေး-ကျောင်းရွာလမ်းပိုင်းက တံတား ၁ စင်းပြိုကျမှုဖြစ်စဉ် ဖြစ်ပေါ်ခဲ့တာပါ။

မွန်ပြည်နယ်တဝှမ်း ရေကြီးရေလျှံမှုကြောင့် ရေဘေးသင့်ပြည်သူ ၁၀၀ ကျော်ကို အရေးပေါ် ပြောင်းရွှေ့ခဲ့ရပြီး ဇူလိုင် ၂၁ ရက်နေ့မှာ ရေဘေးသင့်ပြည်သူအားလုံး နေရပ်ပြန်သွားကြပြီလို့ လူမှုကယ်ဆယ်ရေး အဖွဲ့တွေထံကနေ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-အေးမြကြည်လင် လူမှုကူညီရေးအသင်း

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.