တနင်္သာရီ၊ ဇူလိုင်(၂၂)

တနင်္သာရီတိုင်းဒေသကြီးထဲမှာ ပြီးခဲ့တဲ့ဇူလိုင်ဒုတိယအပတ်ကစပြီး တိုက်ပွဲတွေ ခပ်စိပ်စိပ်ဖြစ်ပွားလာတဲ့အတွက် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင်အရေအတွက် ထပ်တိုးလာတယ်လို့ စစ်ရှောင်အရေးကူညီနေသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

တနင်္သာရီတိုင်းရဲ့ မြို့နယ်တွေဖြစ်တဲ့ တနင်္သာရီ၊ ရေဖြူ၊လောင်းလုံးနဲ့ သရက်ချောင်းမြို့နယ်တို့ကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့အတွက် ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲတွေနေ့စဉ်ရက်ဆက် ဖြစ်ပွားခဲ့တာပါ။

အဲဒီတိုက်ပွဲတွေကြောင့် ဒေသခံပြည်သူ ၅၀၀၀ ကျော်ဟာ နီးစပ်ရာတောတောင်တွေနဲ့ ဘေးလွတ်ရာ နေရာတွေကို ထပ်မံတိမ်းရှောင်နေရတဲ့အတွက် တနင်္သာရီတိုင်းထဲမှာ စစ်ရှောင်ဦးရေ ၃၀၀၀၀ ကျော်အထိ တိုးလာတာဖြစ်ပါတယ်။

စစ်ရှောင်ပြည်သူအရေအတွက် ထပ်တိုးလာပေမယ့် စစ်ကောင်စီတပ်ရဲ့ ပိတ်ဆို့ကန့်သတ်မှုကြောင့် ရိက္ခာသယ်ယူဖို့ ပိုမိုအခက်အခဲရှိလာတယ်လို့ ဒေါန-တနင်္သာရီ စစ်ဘေးရှောင်များ အထောက်အကူ ပြုရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“အရင်ကဆိုရင် ကျွန်တော်တို့ ရေဖြူဘက်မှာဆိုရင်တော့ စစ်ရှောင်မရှိဘူး။ အခုဒီလပိုင်းမှာဆိုရင်တော့ စစ်ရေးလှုပ်ရှားမှုတွေရှိလာပြီး စစ်ရှောင်တွေတိုးလာတယ်။ သူတို့ဘက်မှာကျတော့ သယ်ယူပို့ဆောင်ရေးခက်ခဲတဲ့ အခြေအနေတွေရှိလာတယ်။ တခြားနေရာတွေမှာတော့ အရင်ကတည်းကနေပြီးတော့မှ ထိန်းချုပ်ပိတ်ဆို့ထားတာတွေရှိတယ်။ ဒီလိုသယ်ယူခွင့်မပေးတာတွေရှိတော့ ဆေးဝါးသယ်ယူဖို့အတွက်လည်း သယ်ယူခွင့်မပေးတော့ အခက်ခဲတွေရှိတယ်။ စာနပ်ရိက္ခာဆိုရင်လည်း သယ်ယူလို့မရတဲ့အခြေအနေမှာရှိတယ်” လို့ ဆိုပါတယ်။

ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင်ပြည်သူအများစုဟာ စစ်ရှောင်စခန်းတွေထက် မိမိတို့အစီအစဉ်နဲ့ တောတောင်၊ ဥယျာဉ်ခြံတွေနဲ့ အဆင်ပြေရာနေရာတွေမှာ နေထိုင်ကြတဲ့အတွက် ရိက္ခာနဲ့ဆေးဝါးတွေကူညီပေးဖို့ အခက်အခဲရှိနေတယ်လို့ ဆိုပါတယ်။

အခုရက်ပိုင်းထဲမှာလည်း တနင်္သာရီတိုင်းအတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် စစ်ရှောင်ပြည်သူတွေ နေထိုင်ရာယာယီတဲတွေအတွင်း ရေဝင်ရောက်တာ၊ လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေကြောင့် သွားရေးလာရေး ဒုက္ခကြုံနေရတာ ဖြစ်ပါတယ်။

ဒါ့အပြင် စစ်ရှောင်ပြည်သူတွေဟာ အခုမိုးရာသီကာလအတွင်း ရာသီတုပ်ကွေးနဲ့ ငှက်ဖျားရောဂါတွေ ခံစားနေရတဲ့အတွက် ဆေးဝါးအကူအညီလိုအပ်မှု ဆက်လက်မြင့်တက်လာတယ်လို့ စစ်ရှောင်အရေးကူညီနေသူတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။

တနင်္သာရီတိုင်းထဲမှာ ပြီးခဲ့တဲ့ ဇွန်လအတွင်း စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတို့ကြား တိုက်ပွဲပေါင်း အကြိမ် ၄၀ ထက်မနည်း ဖြစ်ပွားထားတယ်လို့ ဒေသတွင်းသုတေသနအဖွဲ့အစည်းတွေက ထုတ်ပြန်ထားပါတယ်။

သတင်း- သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.