ညောင်လေးပင်၊ ဇူလိုင်(၂၂)

ကရင်အမျိုးသားအစည်းအရုံး KNU ညောင်လေးပင်ခရိုင် ရွှေကျင်မြို့နယ်ထဲမှာ ပြီးခဲ့တဲ့တစ်ပတ်က ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၃ ဦး သေဆုံးခဲ့တယ်လို့ KNU ဗဟိုက ဇူလိုင် ၂၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁၄ ရက်နေ့ကနေ ၁၉ ရက်နေ့အထိ KNU ရွှေကျင်မြို့နယ်ထဲမှာ စစ်ကောင်စီ ပျူစောထီးပူးပေါင်းတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်ရင်း(၇)ပူးပေါင်းတပ်တို့အကြား ထိတွေ့တိုက်ပွဲ ၉ ကြိမ်ဖြစ်ပွားခဲ့တာပါ။

နှစ်ဖက်တိုက်ပွဲအတွင်း KNLA ပူးပေါင်းတပ်ဖွဲ့ဘက်မှ ထိခိုက်မှုမရှိပေမယ့် စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့ဘက်က ၁၃ ဦး သေဆုံးကာ ၁၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

တိုက်ပွဲတွေအတွင်း စစ်ကောင်စီရဲ့ ခမရ(၂၀)နဲ့ ခလရ(၂၆၄)တပ်ရင်းတွေက ကောက်မယ့်သူ၊ ချုံအင်း၊ ကွင်းတလာလေး ကျေးရွာတွေထဲကို လက်နက်ကြီး ၃၈ လုံး ပစ်ခတ်ခဲ့တဲ့အတွက် ကောက်မယ့်သူနဲ့ ကွင်းတလာလေးကျေးရွာက နေအိမ် ၃ လုံး မီးလောင်ပျက်စီးခဲ့ရတယ်လို့ ထုတ်ပြန်ချက်ထဲမှာ ပါရှိပါတယ်။

ဒါ့အပြင် စစ်ကောင်စီ ခမရ(၂၀)တပ်ရင်းက ပုဇွန်မြောင်းကျေးရွာထဲကို ဝင်ရောက်ပြီး နေအိမ်တစ်လုံးကို မီးရှို့ဖျက်ဆီးခဲ့ကာ ကောက်မယ့်သူကျေးရွာအတွင်းရှိ ဒေသခံတစ်ဦးရဲ့ နေအိမ်ကိုလည်း ဝင်ရောက်မွှေနှောက် ဖျက်ဆီးခဲ့တယ်လို့ KUN က ဆိုပါတယ်။

ရွှေကျင်မြို့နယ်မှာ စစ်ရေး၊ နိုင်ငံရေးပဋိပက္ခကြောင့် စစ်ဘေးရှောင်နေရတဲ့ ကျေးရွာပေါင်း ၁၆ ရွာက လူဦး ရေစုစုပေါင်း ၁၄,၀၀၀ ကျော်ရှိနေပြီး အရေးပေါ်လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူ အညီတွေလိုအပ်နေတယ်လို့ KNU ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.