ဆော – ဇူလိုင်(၂၂)

မကွေးတိုင်း၊ဆောမြို့အနီးမှာဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ PDF ရဲဘော်တွေရဲ့ ခန္ဓာကိုယ်တွေကို စစ်ကောင်စီတပ်သားတွေက အပိုင်းပိုင်းခုတ်ဖြတ်သွားတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင် တွေက သံလွင်တိုင်းမ်ကိုပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ(၁၅) ရက်နေ့က ရင်းကဲကျေးရွာတိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ ပ.က.ဖ ရဲဘော်(၃) ဦးနဲ့ PDF ရဲဘော်(၂) ဦးရဲ့ ရုပ်အလောင်းတွေကို အခုလိုလုပ်ခံခဲ့ရတာပါ။

“ခွေးက ခွေးလိုပဲကျင့်ကြံတဲ့သဘောပါ။ တိုက်ပွဲ ဖြစ်ကတည်းက Deadbody လာကောက်မယ် ထင်ပြီးစောင့်ပြီးမှ လာမကောက်တော့ ဒီလိုမျိုးလုပ်သွားကြတာ။ လူအခွင့်အရေးတော်တော်ချိုး ဖောက်တဲ့ကောင်တွေ။သေဆုံးပြီးသား ခန္တာကိုယ်အပေါ်မှာတောင် စည်းမရှိဘူး။” လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

တိုက်ပွဲဖြစ်စဉ်အတွင်း စစ်ကောင်စီဘက်က (၂၀) ထက်မနည်းသေဆုံးထားတဲ့အတွက် ရင်းကဲကျေးရွာကို မီးရှို့ဖျက်ဆီးတာအပြင် လက်နက်ကြီးတွေရမ်းသမ်းပစ်ခတ်ခဲ့တဲ့အတွက် အသက် (၁၂) နှစ်အရွယ် ကလေးငယ်တစ်ဦးလည်းသေဆုံးခဲ့ရပါတယ်။

စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ထိတွေ့မှုဖြစ်ပွားခဲ့တဲ့ နေရာတဝိုက်က ရင်းကဲကျေးရွာ၊ဆွဲလွဲကျင်းကျေးရွာနဲ့ နတ်ကောင်းကျင်း ကျေးရွာက ပြည်သူ (၂၀၀၀) ကျော်ဟာ ထွက်ပြေးတိမ်းရှောင်နေရပြီး လူသားချင်းစာနာမှုအကူအညီတွေလိုအပ်နေတယ်လို့ သိရပါတယ်။

ဇူလိုင်လ (၁၃) ရက်နေ့တည်းက လောင်းရှည် က.ပ.စ ကနေ ဆောမြို့နယ်ထဲကို စစ်ကြောင်းထိုးလာတဲ့ အင်အား(၁၂၀) ပါ စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ခုခံကာကွယ်ရင်း (၇) ဦးကျဆုံးခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.