ကျုံဒိုး၊ ဇူလိုင်(၂၂)

ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေ၊ ဒူးပလာယာခရိုင် တပ်မဟာ (၆)၊ ကျုံဒိုးမြို့ နယ်၊ ကျောက်အိုင်အုပ်စု၊ ရွှေဝါချောင်ကျေးရွာထဲ စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးငယ် ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ KNU ဗဟိုက ဇူလိုင် ၂၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

မုဒုံမြို့နယ်ခုနှစ်ခွေတောင်မှာ အခြေစိုက်ထားတဲ့ စစ်ကောင်စီအမှတ် (၃၁၃) အမြောက်တပ်ဟာ ဇူလိုင် ၂၀ ရက်နေ့ မနက်ပိုင်းမှာ တိုက်ပွဲမရှိဘဲ ရွှေဝါချောင်ကျေးရွာထဲ လက်နက်ကြီး ၁၂၀ မမတွေ ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။

စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ရွှေဝါချောင်ကျေးရွာနေ အသက် ၈ နှစ်အရွယ် မောင်ထွန်းထွန်းမှာ ဘယ်ဘက်နားထင်ကျည်စထိမှန်ဒဏ်ရာ၊ အသက် ၆ နှစ်အရွယ် မောင်ဇာနည်လင်းမှာ ဦးခေါင်းကျည်စထိမှန် (စိုးရိမ်ရ) ဒဏ်ရာနဲ့ ဆေးရုံသို့အရေးပေါ် ပို့ဆောင်ခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

စစ်ကောင်စီတပ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားပြည်သူတွေ နေထိုင်ရာကျေးရွာများအတွင်းသို့ လက်နက်ကြီးတွေ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်နေတဲ့အတွက် ဒေသခံတွေဟာ နေ့စဉ်နဲ့အမျှ စိုးရိမ်ထိတ်လန့်စွာ အသက်ရှင်နေထိုင်နေရတယ်လို့ KNU က ဆိုပါတယ်။

KNU ဒူးပလာယာခရိုင် တပ်မဟာ(၆)မှာ ပြီးခဲ့တဲ့ ဇွန်လအတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အသက် ၁၀ နှစ်အရွယ် ကလေး ၂ ဦးအပါအဝင် အရပ်သား ၉ ဦး ဒဏ်ရာရရှိခဲ့ပြီး ၂ ဦး သေဆုံးထားတယ်လို့ KNU ဗဟိုက ထုတ်ပြန်ထားပါတယ်။

ဇွန်လအတွင်းမှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ ကရင်အမျိုးသားကာကွယ်ရေးတပ် KNDO ပူးပေါင်းတပ်တို့ကြား တိုက်ပွဲပေါင်း ၂၉ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ KNU ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.