ကျိုက်ထို၊ ဇူလိုင်(၂၂)

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ထဲမှာ စစ်ကောင်စီတပ် ဖမ်းဆီးသွားတဲ့ ရွှေတွင်းလုပ်သားတွေနဲ့ မိသား စုဝင် ၅၀ နီးပါးဟာ တစ်ပတ်ကြာတဲ့အထိ ပြန်မလွတ်လာသေးဘူးလို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ကျိုက်ထိုမြို့နယ် အင်္ဂဘိုကျေးရွာ ဆီအုန်းခြံအနောက်ဘက်မှာရှိတဲ့ ကိုအောင်နိုင်ရဲ့ ရွှေတူးဖော်ရေးလုပ်ငန်းကို ပြီးခဲ့တဲ့ ဇူလိုင် ၁၃ ရက်နေ့မှာ တပ်အင်အား ၆၀ ကျော်ပါတဲ့ စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ ဝင်ရောက်စီးနင်းခဲ့တာပါ။

ရွှေတူးဖော်ရေးလုပ်ကွက်ကို ဝင်ရောက်စီးနင်းပြီးနောက် စစ်ကောင်စီတပ်ဟာ ရွှေတွင်းအလုပ်သမား၊ ဘက်ဟိုးမောင်းသူတွေနဲ့ မှီခိုသူမိသားစုတွေအပါအဝင် ကုမ္ပဏီဝန်ထမ်း ၅၀ နီးပါးကို ဖမ်းဆီးသွားခဲ့တာပါ။

စစ်ကောင်စီတပ်က ဖမ်းဆီးသွားတဲ့ ရွှေတူးလုပ်သားတွေဟာ တစ်ပတ်ကြာတဲ့အထိ ပြန်လွတ်လာခြင်း မရှိသေးဘဲ စစ်ကောင်စီတပ်မ ၄၄ ဌာနချုပ်နဲ့ ကျိုက်ထိုရဲစခန်းတွေမှာ ဖမ်းဆီးချုပ်နှောင်ခံထားရပါတယ်။

စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့တဲ့ ကိုအောင်နိုင်ရဲ့ ရွှေတူးဖော်ရေးလုပ်ငန်းဟာ တရားမဝင် လုပ်ငန်းဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

စစ်ကောင်စီနဲ့ နီးစပ်သူတွေအဆိုအရ ရွှေတူးဖော်ရေးလုပ်ငန်းရှင် ကိုအောင်နိုင်ဟာ စစ်တပ်ထိပ်ပိုင်း ခေါင်းဆောင်တချို့နဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိပြီး ဘာကြောင့် သူရွှေလုပ်ကွက်ကို ဝင်ရောက်စီးနင်းလဲ ဆိုတာ အသေးစိတ်မသိရသေးဘူးလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ ကိုအောင်နိုင်ရဲ့ ရွှေလုပ်ကွက်ကို ဝင်ရောက်စီးနင်းစဉ် ဘတ်ဟိုး ၃ စီး၊ ရွှေမျောစက် ၁ လုံး သိမ်းဆည်းသွားပြီး အလုပ်သမားတွေ နေထိုင်တဲ့တဲတွေကိုလည်း မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.