မော်လမြိုင်၊ ဇူလိုင်(၂၁)

မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုတွေ ဖြစ်ပွားခဲ့တဲ့ မွန်ပြည်နယ် မော်လမြိုင်မြို့မှာ ဇူလိုင် ၂၀ ရက်နေ့ မနက်ပိုင်းကစပြီး ရေပြန်ကျလာပြီလို့ ဒေသခံတွေနဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁၈ ရက်နေ့ ညပိုင်းကတည်းက မိုးသည်းထန်စွာ ရွာသွန်းခဲ့တဲ့အတွက် မော်လမြိုင်မြို့ရှိ သီရိမင်္ဂလာ၊ သီရီမြိုင်၊ ရွှေပြည်အေးအပါအဝင် အနိမ့်ပိုင်းရပ်ကွက်တွေမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့တာပါ။

ရေကြီးရေလျှံမှုကြောင့် ရေဘေးသင့်ပြည်သူ ၁၀၀၀ ကျော်ကို ယာယီကယ်ဆယ်ရေးစခန်းတွေထံ အရေးပေါ်ပြောင်းရွှေ့ခဲ့ရပြီး ဒီနေ့ ညနေပိုင်းမှာ ရေဘေးသင့်ပြည်သူတွေ နေအိမ်စပြန်နေကြပြီလို့ သိရပါတယ်။

မော်လမြိုင်ရေကြီးမှုကြောင့် အသက်တစ်ခွဲနှစ်အရွယ် ကလေးငယ်တစ်ဦးနဲ့ အသက် ၁၃ နှစ်အရွယ် ကလေးငယ် ၂ ဦး ရေနစ်သေဆုံးခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ဇူလိုင် ၁၉ ရက်နေ့ကလည်း မိုးသည်းထန်စွာ ရွာသွန်းခဲ့တဲ့အတွက် မော်လမြိုင်မြို့ ညောင်ပင်ဆိပ်ရပ်ကွက်မှာ နေအိမ်အဆောက်အဦး အုတ်တံတိုင်း ပြိုကျမှုကြောင့် အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

၂၇ လက်မနီးပါးအထိ ရွာသွန်းခဲ့တဲ့ မိုးရေချိန်ဟာ မော်လမြိုင်မြို့မှာ နှစ်ပေါင်း ၇၀ အတွင်း စံချိန်တင် မိုးရေချိန်ဖြစ်တယ်လို့ မိုးဇလရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.