မြစ်ကြီးနား၊ ဇူလိုင်(၂၁)

ကချင်ပြည်နယ်၊ မြစ်ကြီးနာမြို့အခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကိုကိုမောင်အပါအဝင် အရာရှိ ၇ ဦး ထက်မနည်း ဖမ်းဆီးစစ်ဆေးနေစဉ် သူတိုရဲ့ ဇနီးတွေကိုပါဖမ်းဆီးပြီး ပိုင်ဆိုင်မှုအသေးစိတ် စစ်ဆေးနေတယ်လို့ စစ်ကောင်စီနဲ့ နီးစပ်သူတွေက သံလွင်တိုင်းမ်ကို အတည်ပြုပါတယ်။

စစ်ကောင်စီ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိုင်းမှူးအပါအဝင် အရာရှိတွေကို ပြီးခဲ့တဲ့ ဇူလိုင် ၁၃ ရက် နေ့မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးအမိန့်နဲ့ မြစ်ကြီးနားမြို့ကနေ နေပြည်တော်သို့ ဖမ်းဆီးခေါ်ဆောင်သွားတာပါ။

အဲဒီနောက် စစ်ကောင်စီဟာ တိုင်းမှူးနဲ့အရာရှိတွေရဲ့ဇနီးတွေကိုပါ ဖမ်းဆီးထိန်းသိမ်းထားပြီး စိန်ရွှေဝယ်ယူထားတဲ့ ဆိုင်တွေအပြင် သူတို့ရဲ့ပိုင်ဆိုင်မှု အသေးစိတ်ကို စစ်ဆေးတာတွေ လုပ်ဆောင်နေတယ်လို့ သတင်းအရင်းအမြစ်က ပြောပါတယ်။

ဖမ်းဆီးစစ်ဆေးခံရတဲ့သူတွေထဲမှာ တိုင်းမှူး၊ ဒုတိုင်းမှူးနဲ့ ဗိုလ်မှူးကြီးအဆင့်ရှိတဲ့ အရာရှိ ၇ ဦးထက်မနည်းပါဝင်ပြီး တိုင်းစစ်ဌာနချုပ်မှာလည်း ဗိုလ်မှူး၊ ဗိုလ်ကြီးအဆင့်တွေကိုပါ ဖုန်းတွေသိမ်းကာ စစ်ဆေးမှုတွေ ဆက်တိုက်လုပ်ဆောင်နေတာပါ။

စစ်ကောင်စီရဲ့ဖမ်းဆီးမှုဟာ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ လာဘ်ပေးလာဘ်ယူ ကိစ္စတွေ၊ ကျောက်စိမ်းလုပ်ကွက်တွေအတွက် တရားမဝင် ယမ်းတင်သွင်းခွင့်ပြုတဲ့ကိစ္စတွေ အပါအဝင် တခြားစစ်ဘက်ရေးရာ ကိစ္စတွေပါ ပါဝင်နေတယ်လို့ စစ်ကောင်စီနဲ့ နီးစပ်သူတွေက ပြောပေမယ့် သံလွင်တိုင်းမ်အနေနဲ့ သီးခြားအတည်မပြုနိုင်ပါဘူး။

တိုင်းမှူးအပါအဝင် အရာရှိတချို့ကို ဖမ်းဆီးစစ်ဆေးခံရပြီးနောက် မြစ်ကြီးနားမြို့မှာ လုံခြုံရေးတွေ အထူးတင်းကျပ်ထားသလို မထင်မှတ်တဲ့နေရာတွေကအစ စစ်ဆေးတာတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကိုကိုမောင်ဟာ အာဏာသိမ်းမသိမ်းခင်က အရှေ့ တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တာဖြစ်ပြီး အဲဒီနောက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ပြောင်းရွှေ့ခံခဲ့ရတာပါ။

ဗိုလ်ချုပ်ကိုကိုမောင်ဟာ အနမ့်ပါဒေသမှာပြုလုပ်တဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့(KIO)ရဲ့ ၆၂ နှစ်ပြည့် နှစ်ပတ်လည်နေ့အကြိုဂီတဖျော်ဖြေပွဲမှာ အစုလိုက် အပြုံလိုက် သေဆုံးခဲ့တဲ့ တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်မှုဖြစ်စဉ်မှာ အဓိကတာဝန်ရှိသူတစ်ဦး ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.