ကျိုက်ထို၊ ဇူလိုင်(၂၁)

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့အနီးမှာ စစ်ကောင်စီတပ်က ဖမ်းဆီးသွားတဲ့ ဒေသခံအမျိုးသားတစ်ဦးကိုဖမ်းဆီးပြီး တစ်ရက်အကြာမှာပဲ မိသားစုထံ အလောင်းလာထုတ်ဖို့ အကြောင်းကြားလာတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁၇ ရက်နေ့ မနက် ၁၁ နာရီဝန်းကျင်က သိမ်ဇရပ်ဈေးကနေ ဈေးဝယ်ပြီး ဆိုင်ကယ်နဲ့ ပြန်လာတဲ့ ကျိုက်ထိုမြို့နယ် ဇီးပြောင်းကျေးရွာနေ ကိုချစ်လေးဟာ သိမ်ဇရပ်လမ်းဆုံဂိတ်မှာ လုံခြုံရေးယူထားတဲ့ စစ်ကောင်စီတပ်သားတစ်ဦးကို ဆိုင်ကယ်နဲ့တိုက်မိခဲ့တာပါ။

အဲဒီဖြစ်စဉ်အပေါ် ကိုချစ်လေးက တာဝန်ယူဖြေရှင်းပေးမယ်လို့ ပြောဆိုခဲ့ပေမယ့် ဖြစ်စဉ်ဖြစ်ပွားပြီး ၁၅ မိနစ်အကြာမှာပဲ သိမ်ဇရပ်အခြေစိုက် စစ်ကောင်စီ အမှတ်(၃၁၀) အမြောက်တပ်က တပ်ဖွဲ့ဝင်တွေ ရောက်ရှိလာပြီးနောက် တပ်ထဲဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။

အဲဒီနောက် ဇူလိုင် ၁၈ ရက်နေ့ မနက်ပိုင်းမှာတော့ စစ်ကောင်စီအမြောက်တပ်ကနေ ဖမ်းဆီးခံရတဲ့ ကိုချစ်လေးရဲ့ အလောင်းလာပြန်ထုတ်ဖို့ မိသားစုထံအကြောင်း ကြားခဲ့တာပါ။

စစ်တပ်က အလောင်းပြန်ပေးချိန်မှာ အသက် ၂၅ နှစ်အရွယ် ကိုချစ်လေးဟာ မျက်ကွင်းညို၊ နှုတ်ခမ်းကွဲ၊ လည်ပင်းနဲ့ဂုတ်ပိုး ညိုမဲစွဲဒဏ်ရာ၊ ဦးခေါင်းညိုမဲစွဲဒဏ်ရာတွေ တွေ့ရှိခဲ့ပါတယ်။

ကိုချစ်လေး သေဆုံးကြောင်းကို သိမ်ဇရပ်တိုက်နယ်ဆးရုံအုပ် ဒေါက်တာမြတ်ဆုဝေက လက်မှတ်ရေးထိုး စာထုတ်ပေးခဲ့ပြီး အလောင်းထုတ်ယူချိန်မှာလည်း ငွေကျပ် ၂ သိန်းပေးဆောင်ခဲ့ရတယ်လို့ သိရပါတယ်။

ဒီဖြစ်စဉ်အပေါ် စစ်တပ်လော်ဘီ တယ်လီဂရမ်အကောင့်တွေမှာတော့ ကိုချစ်လေးကို သိမ်ဇရပ်ရဲစခန်းမှာ ဖမ်းဆီးချုပ်နှောင်ထားစဉ် အမောဖောက်သွားတဲ့အတွက် သိမ်ဇရပ်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပြီး နာရီဝက်အကြာမှာပဲ သေဆုံးသွားတယ်လို့ ဖော်ပြတာတွေ ရှိနေပါတယ်။

ဒေသခံတွေအဆိုအရ စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့တဲ့ ကိုချစ်လေးဟာ သိမ်ဇရပ်ဈေးကနေ ကုန်ပစ္စည်းတွေဝယ်ယူပြီး ကျိုက်ထိုမြို့နယ်အတွင်းရှိ ကျေးရွာတွေမှာ ဈေးလိုက်ရောင်းနေတဲ့ သာမာန်ပြည်သူတစ်ဦးဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းကလည်း စစ်ကောင်စီအမြောက်တပ်က တပ်ကြပ်ကြီးဦးတင်ရွှေ(ငြိမ်း)ရဲ့ ချွေးမဖြစ်သူနဲ့ ရန်ဖြစ်စကားများခဲ့တဲ့ ရွှေကျင်မြို့နယ်၊ ဆိပ်ကလေးကျေးရွာနေ အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ် ဖမ်းဆီးပြီးနောက် သေဆုံးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.