မြဝတီ၊ ဇူလိုင်(၂၁)

မြို့ပေါင်း ၇ မြို့နယ်ရှိတဲ့ ကရင်ပြည်နယ်မှာ ကျေးလက်ဒေသတွေအပြင် မြို့အပြင်ဘက်တွေကိုပါ KNU ဦးဆောင်တဲ့ တော်လှန်ရေးအင်အားစုတွေက နယ်မြေစိုးမိုးထိန်းချုပ်လာနိုင်ပြီလို့ တော်လှန်ရေးအင်အားစုတာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီ အရှေ့တောင်တိုင်းစစ်ဌာနချုပ်ရဲ့ ကာကွယ်ရေး၊ လုံခြုံရေးနဲ့စစ်ဆင်ရေးတွေ အဓိကတာဝန်ယူဆောင်ရွက်နေရတဲ့ ကရင်ပြည်နယ်ဟာ အာဏာသိမ်းကာလအတွင်း တော်လှန်ရေးအင်အားစု အားကောင်းတဲ့ ပြည်နယ်တစ်ခုဖြစ်ပြီး KNU ဌာနချုပ်စိုက်ရာ ဒေသလည်း ဖြစ်ပါတယ်။

အာဏာသိမ်းနှစ်နှစ်ကျော်ကာလအတွင်းမှာ ကရင်ပြည်နယ်ရဲ့ မြို့နယ်(၇)မြို့နယ်ဖြစ်တဲ့ ဘားအံ၊ လှိုင်းဘွဲ၊ သံတောင်ကြီး၊ ဖာပွန်၊ ကော့ကရိတ်၊ မြဝတီ၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွေထဲက ဘားအံမြို့နယ်ကလွဲပြီး ကျန်တဲ့မြို့နယ်တွေမှာတော့ စစ်ကောင်စီရဲ့ နယ်မြေထိန်းချုပ်နိုင်မှုအခြေအနေဟာ တော်တော်လေးအားနည်းလာတယ်လို့ တော်လှန်ရေးအင်အားစုတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။

ကရင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်ကို တော်လှန်တိုက်ခိုက်နေတဲ့ အထူးစစ်ဆင်ရေးတပ်ဖွဲ့ S.O.F က တာဝန်ခံတပ်မှူး အောင်စံရှားကတော့ စစ်ကောင်စီဟာ မြို့ပေါ်နေရာလောက်မှာသာ နယ်မြေစိုးမိုးထားနိုင်ပြီး ပြည်နယ်အတွင်းရှိ ကျေးရွာ၊ ကျေးလက်ဒေသ၊ အဓိကလမ်းမကြီးနဲ့ မြို့ကျေးရွာချင်းဆက်လမ်းတွေမှာ တော်လှန်ရေးအင်အားစုတွေဘက်က နယ်မြေစိုးမိုးလာနိုင်ပြီလို့ ပြောပါတယ်။

“ကရင်ပြည်နယ်မှာရှိတဲ့ အဓိကမိန်းလမ်းနယ်မြေစိုးမိုးထားနိုင်မှုအခြေအနေကလည်း တော်လှန်ရေးအင်အားစုတွေဘက်မှာ အများကြီးရှိတယ်။ နောက်ပြီးတော့ကျေးရွာတွေ၊ ကျေးလက်ဒေသ၊ ကျေ းရွာချင်းဆက်လမ်းတွေ၊ နောက်ပြီးတော့ မြို့နဲ့ကျေးရွာဆက်တဲ့လမ်းတွေအားလုံးပေါ့။ ပြောရလို့ရှိရင် မြို့ပေါ်ကွက်ကွက်နေရာလေးတွေလောက်မှာပဲ စကစက နယ်မြေစိုးမိုးထားနိုင်ပြီးတော့ ကျန်တဲ့နေ ရာတွေအားလုံးက တော်လှန်ရေးအင်အားစုတွေပေါ့။ အဓိကကတော့ (KNLA)ဦးဆောင်တဲ့ တော် လှန်ရေးအင်အားစုတွေအားလုံးပေါ့။ ပြီးတော့ကျွန်တော်တို့ဘက်က ပြည်သူ့ကာကွယ်ရေးတပ်မတော်သားတွေ အားလုံးပေါ့။ ကျွန်တော်တို့ဘက်က နယ်မြေစိုးမိုးထားနိုင်တယ်လို့ အပြည့်အဝပြောလို့ရတာပေါ့” လို့ဆိုပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ ထုတ်ပြန်ချက်တွေအရ အာဏာသိမ်း နှစ်နှစ်ကျော်ကာလအ တွင်း KNU အုပ်ချုပ်နယ်မြေတွေမှာ စစ်ကောင်စီတပ်နဲ့ နှစ်ဖက်တိုက်ပွဲပေါင်း ၉၀၀၀ ကျော်အထိ ဖြစ်ပွားထားသလို တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က စစ်သားထောင်ချီသေဆုံးထားတယ်လို့ ထုတ်ပြန်ထားပါတယ်။

မြို့ပေါ်လောက်သာ ထိန်းချုပ်နိုင်တဲ့ ကရင်ပြည်နယ်ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂ ရက်နေ့ကလည်း ကြာအင်းဆိပ်ကြီးနဲ့ ကော့ကရိတ်မြို့နယ်တို့ကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေးအဖြစ် ကြေညာထားရတာပါ။

KNU ပြောခွင့်ရသူ ပဒိုစောကလယ်စေးကတော့ အာဏာသိမ်းကာလအတွင်း စစ်ကောင်စီရဲ့ နယ်မြေထိန်းချုပ်နိုင်မှု အားနည်းလာတာနဲ့အမျှ KNU ရဲ့ အုပ်ချုပ်ရေးလုပ်ငန်းတွေကို ပိုပြီးတိုးချဲ့လုပ်ဆောင်လာနိုင်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“မြို့နယ်(၇)မြို့နယ်မှာဆိုရင် ဘားအံမြို့နယ်ကလွဲပြီးတော့ ကျန်တဲ့မြို့နယ်မှာဆိုရင် သူတို့ရဲ့ထိန်းချုပ်မှုကတော်တော့်ကို အားနည်းသွားပြီလို့ ပြောလို့ရတာပေါ့နော်။ ဒီဘက်က ကျွန်တော်တို့ KNU ကရင်အမျိုးသားအစည်းအရုံးဘက်ကတော့ မြို့မှာရှိတဲ့ဘေးပတ်ဝန်းကျင်တွေမှာ ကျွန်တော်တို့ရဲ့အုပ်ချုပ်ရေးကို ပိုပြီးလက်ခံလာတယ်။ ပိုပြီးတော့ တိုးချဲ့လုပ်ဆောင်လာနိုင်တယ်လို့တော့ ပြောလို့ရပါတယ်။ အခြားသောခြောက်မြို့နယ်ထဲမှာဆိုရင် ခုဏပြောခဲ့သလိုပဲ သူတို့ရဲ့ အုပ်ချုပ်ရေးစနစ်ကတော်တော်လေး မရှိသလောက်လည်း ဖြစ်သွားပြီပေါ့နော်။ ဘေးပတ်ဝန်းကျင်ရွာတွေမှာပေါ့နော်။ မြို့ရဲ့နယ် ဘက်ခြမ်းတွေမှာပေါ့နော်။ ဒီလိုအခြေအနေတွေရှိပါတယ်။ တော်လှန်ရေးအင်အားစုတွေဘက်ကို ပိုပြီးတော့ထောက်ခံလာတဲ့အပေါ်မှာ နယ်မြေစိုးမိုးမှုကလည်းပဲ ပိုပြီးတော့လုပ်ဆောင်လာနိုင်တဲ့ အနေအထားတော့တွေ့ရပါတယ်” လို့ ဆိုပါတယ်။

မြေပြင်အခြေအနေအရ စစ်ကောင်စီတပ်ဟာ ကရင်ပြည်နယ်အတွင်းရှိ မြို့ပေါ်တွေမှာ တပ်စွဲထားတဲ့ စစ်ကောင်စီအခြေစိုက်တပ်ရင်းတွေ တိုက်ခိုက်မခံရဖို့နဲ့ သူတို့တပ်ရင်း၊ တပ်စခန်းတွေ မကျအောင် မနည်းရုန်းကန်နေရတာ ဖြစ်ပါတယ်။

တော်လှန်ရေးအင်အားစုတွေအဆိုအရ အာဏာသိမ်း နှစ်နှစ်ကျော်ကာလအတွင်း ကရင်ပြည်နယ်ထဲမှာ တိုက်ပွဲဖြစ်ပွားမှု ပုံစံပြောင်းလဲလာပြီး စစ်ကောင်စီတပ်ဟာ ထိုးစစ်ကနေ ခံစစ်အသွင် ကူးပြောင်းလာတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ အခုနောက်ပိုင်း KNLA ဦးဆောင်တဲ့ တော်လှန်ရေးအင်အားစု မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့အကြား ဖြစ်ပွားတဲ့ထိတွေ့တိုက်ပွဲတွေတိုင်းမှာ လေကြောင်းပစ်ကူအသုံးပြု တိုက်ခိုက်လာရတဲ့အထိ မြေပြင်စစ်ရေးတွေ ရှုံးနိမ့်လာတာဖြစ်ပါတယ်။

မကြာမီကာလအတွင်း အရေးပေါ်ကာလ သက်တမ်းကုန်ဆုံးတော့မယ့် စစ်အုပ်စုခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ လက်ရှိအချိန်အထိ နိုင်ငံတဝန်းမှာ လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေး အလေထားဆောင်ရွက်ဖို့ လိုအပ်နေသေးတယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းမှာ ဝန်ခံထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-S.O.F

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.