ဖာပွန်၊ ဇူလိုင်(၂၀)

ကရင်အမျိုးသားအစည်းအရုံး KNU ဖာပွန်ခရိုင်ထဲမှာ စစ်ကောင်စီတပ်နဲ့ KNLA တပ်ဖွဲ့တို့အကြား လဝက်အတွင်း တိုက်ပွဲပေါင်း(၁၆၀)ကျော်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဘက်က (၅၀)နီးပါး သေဆုံးခဲ့တယ်လို့ KNU တပ်မဟာ(၅)ဌာနချုပ်က ဇူလိုင် ၁၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

KNU ဖာပွန်ခရိုင်ထဲမှာ ဇူလိုင်(၁)ရက်နေ့ကနေ (၁၅)ရက်နေ့အထိ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ(၅) တပ်ဖွဲ့တို့အကြား တိုက်ပွဲပေါင်း(၁၆၅)ကြိမ်ဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က (၄၉)ဦးသေဆုံးကာ (၃၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ပါရှိပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ရဲ့ ရိက္ခာသယ်ယူပို့ဆောင်ရာမှာ အသုံးပြုနေတဲ့ မြင်း(၁၆)ကိုလည်း ပစ်သတ်နိုင်ခဲ့ပြီး ဇူလိုင် လဝက်တာအတွင်း ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေမှာ KNLA တပ်ဖွဲ့ဘက်က တစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ တပ်မဟာ(၅)က ထုတ်ပြန်ထားပါတယ်။

ဖာပွန်ခရိုင်အတွင်း နှစ်ဖက်တိုက်ပွဲတွေ အဆက်မပြတ်ဖြစ်ပွားနေတဲ့အတွက် စစ်ကောင်စီတပ်က ဇူ လိုင်(၂) ရက်နေ့မှာ ဘူးသိုမြို့နယ်၊ မယ်ခူကျေးရွာအုပ်စု၊ မယ်ခူရွာထဲကို လက်နက်ကြီး (၁၂၀ မမ)နဲ့ (၃)လုံး ပစ်ခတ်ခဲ့သလို စစ်ကောင်စီလက်အောက်ခံ BGF တပ်ဖွဲ့ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် သေခိုကလားရွာက ဒေသခံတစ်ဦးရဲ့ နေအိမ်တစ်လုံးလည်း ထိခိုက်ပျက်စီးခဲ့ရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် (၅)ရက်နေ့ကလည်း ဖာပွန်ခရိုင်၊ လူသောမြို့နယ်၊ ပေကေးဒဲကျေးရွာအုပ်စု၊ လယ်နာဒဲကျေးရွာထဲကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံး(၁၂)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့ရာ နေအိမ်(၂) လုံး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ တပ်မဟာ(၅)ဌာနချုပ်ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

သတင်း- သံလွင်တိုင်းမ်

ဓာတ်ပုံ-KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.