မော်လမြိုင်၊ ဇူလိုင်(၂၀)
အာဏာသိမ်းစစ်တပ်ဟာ နိုင်ငံအာဏာကို ဂဠုန်ဦးစောလို အာဏာလောဘဇောနဲ့ လက်နက်အားကိုးပြီး အာဏာလုယူ ဗိုလ်ကျစိုးမိုးနေတယ်လို့ မွန်ပြည်ဖက်ဒရယ်ကောင်စီက (၇၆) နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့တဲ့သဝဏ်လွှာမှာ ဖော်ပြပါတယ်။
ပြည်သူတွေအပေါ် စစ်ကောင်စီတပ်ရဲ့အကြမ်းဖက်ညှင်းဆဲသတ်ဖြတ်မှုဟာ အခုချိန်မှာတော့ အကျည်းတန်ဆုံးအခြေအနေသို့ ဆိုက်ရောက်နေခဲ့ပြီလို့ မွန်ပြည်ဖက်ဒရယ်ကောင်စီက ဆိုပါတယ်။
၁၉၄၇ ခုနှစ်ဇူလိုင်လ(၁၉) ရက်နေ့မှာ အာဏာကိုဖြတ်လမ်းကရယူလိုတဲ့ ဂဠုန်ဦးစောနဲ့လူတစ်စူရဲ့ အကြမ်းဖက်လုပ်ရပ်ကြောင့် ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည်ခေါင်းဆောင်ကြီး (၉) ဦးကျဆုံးခဲ့ပြီး (၇၆) နှစ်တိုင်ခဲ့ပြီဖြစ်ပါတယ်။
လွတ်လပ်ရေးရယူနိုင်ဖို့ ကြိုးပမ်းဆောင်ရွက်နေချိန် ကျဆုံးခဲ့ရတဲ့ သမိုင်းဖြစ်စဉ်လုပ်ကြံမှုကြီးဟာ ရွံရှာစက်ဆုပ်ဖွယ် သမိုင်းမှတ်တမ်းဆိုးတစ်ခုအဖြစ် တွင်ကျန်ရစ်လာတယ်လို့ ဆိုထားပါတယ်။
ပြည်သူလူထုအပေါ် စစ်ကောင်စီတပ်ရဲ့ ရန်သူသဖွယ် အကြမ်းဖက် ဖက်ဆစ်တပ်နဲ့မခြား မလိုမုန်း ထားသတ်ဖြတ်နေတဲ့ လုပ်ရပ်တွေကြောင့် ပြည်သူတွေဟာ အာဏာရှင်စနစ်အောက်က လွတ်မြောက်နိုင်ဖို့နဲ့ အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်သွားနိုင်ဖို့ တော်လှန်နေကြတာဖြစ်တယ်လို့ သဝဏ်လွှာမှာ ဖော်ပြပါရှိပါတယ်။
လွတ်လပ်ပြီးစစ်မှန်တဲ့ နိုင်ငံသားအခွင့်အရေး အပြည့်အဝပေးနိုင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ပေါက်ဖို့နဲ့ အမျိုးသားလွတ်မြောက်ရေးအတွက် နိုင်ငံတဝန်းလုံးက တော်လှန်သော တိုင်းရင်းသားပြည်သူတွေနဲ့အတူ စစ်အာဏာရှင်ကျဆုံးတဲ့အထိ တိုက်ပွဲဝင်သွားမယ်လို့လည်း မွန်ပြည်ဖက်ဒရယ်ကောင်စီက အသိပေးထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MSFC