မော်လမြိုင်၊ ဇူလိုင်(၂၀)

မွန်ပြည်နယ်တဝှမ်း ရေကြီးရေလျှံမှုကြောင့် ကလေးငယ် ၃ ဦးသေဆုံးပြီး ၃ ဦးပျောက်ဆုံးနေသလို ရေဘေးသင့်ပြည်သူထောင်ချီရှိနေတယ်လို့ ဒေသခံတွေနဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ဇူလိုင် ၁၈ ရက်နေ့ မနက်ပိုင်းကစပြီး မွန်ပြည်နယ်ရှိ ရေး၊ မုဒုံ၊ သံဖြူဇရပ်၊ ချောင်းဆုံ၊ မော်လမြိုင်နဲ့ ပေါင်မြို့နယ်တို့မှာ မိုးသည်းထန်စွာရွာသွန်းခဲ့တဲ့အတွက် ရေကြီးရေလျှံတာ၊ ကားလမ်းရေကျော်တာနဲ့ တောင်မြေပြိုမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

ရေကြီးရေလျှံမှုကြောင့် မော်လမြိုင်သီရိမင်္ဂလာရပ်ကွက်က အသက်တစ်နှစ်ခွဲအရွယ် ကလေးငယ်တစ်ဦးနဲ့ သီရိမြိုင်ရပ်ကွက်က ကလေးငယ် ၂ ဦး သေဆုံးပြီး ၂ ဦး ပျောက်ဆုံးနေတာ ဖြစ်ပါတယ်။

မော်လမြိုင်မြို့ပေါ်က ရေဘေးသင့်ပြည်သူ ၆၀၀ ကျော်ကိုတော့ ဘုန်ကြီးကျောင်းတွေနဲ့ ရေဘေးလွတ်ရာ ရပ်ကွက်ဓမ္မာရုံတွေထံ အရေးပေါ်ပြောင်းရွှေ့ထားရပါတယ်။မော်လမြိုင်မြို့ လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးကတော့အခုလိုပဲ ရေကြီးမှုအခြေအနေကို ပြောပြခဲ့ပါတယ်။

“လက်ရှိကတော့ သီရိမင်္ဂလာ၊ သီရိမြိုင်၊ တောင်ဝိုင်း၊ ဈေးကြိုဘက်၊ ဇေယျာမြိုင် အဲဒီနေရာတွေက အဓိကတော့ ငန်းတေးဘက်တွေပေါ့။ ရေကြီးရေလျှံမှုတွေ ဖြစ်နေတယ်ဗျ။ ဈေးကြိုဓမ္မာရုံမှာတစ်ခု၊ ပြီးရင်ဇေယျာမြိုင် အမက(၁)မှာတစ်ခု၊ အခု (၂)နေရာကို ကျွန်တော်ထင်တာ (၂၀၀)လောက်တော့ ရှိမယ်ဗျ။ ညောင်ပင်ဆိပ်မှာက အုတ်တံတိုင်းပြိုကျလို့ တစ်ယောက်ဒဏ်ရာရတယ်။ သီရိမင်္ဂလာမှာက ကလေးတစ်ယောက် ရေနစ်သေဆုံးတယ်လို့ ပြောတယ်ဗျ။ လက်ရှိရေကတော့ ကျန်နေသေးတယ်။ သီရိမြိုင်၊ ရွှေမြိုင်သီရိ၊ သီရိမြိုင်လမ်းမပေါ်မှာဆို တောက်လျှောက် ရေကဒူးလောက်ထိရှိသေးတယ်” လို့ ဆိုပါတယ်။

မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မော်လမြိုင်ညောင်ပင်ဆိပ်ရပ်ကွက်မှာ အဆောက်အဦး အုတ်တံတိုင်းပြိုကျခဲ့တဲ့အတွက် အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ချောင်းဆုံမြို့နယ် ညောင်လမ်းကျေးရွာ တောင်ပြိုမှုမှာတော့ နေအိမ်တစ်လုံး ထိခိုက်ပျက်စီးခဲ့ပြီး တောင်ပြိုမှုဖြစ်စဉ်ကြောင့် အန္တရာယ်ရှိနိုင်တဲ့ လူနေအိမ် ၇ လုံးက ဒေသခံတွေကို ဘေးလွတ်ရာဆွေ မျိုးနေအိမ်ထံ ပြောင်းရွှေ့ထားတယ်လို့ သိရပါတယ်။

မုဒုံမြို့နယ် ရေကြီးရေလျှံမှုကြောင့် ရေအနိမ့်ပိုင်းရပ်ကွက်တချို့က ဒေသခံပြည်သူ ၂၀၀ ကျော်ကို နီးစပ်ရာဘုန်းကြီးကျောင်းထံ ပြောင်းရွှေ့ပေးထားတယ်လို့ မုဒုံမြို့နယ်လူမှုကယ်ဆယ်ရေးအဖွဲ့ တာ ဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“လက်ရှိရေကြီးနေတယ်ဆိုတာ မုဒုံမြို့ မြို့မ (၄)၊ ပိတောက် ရွှေဝါဘက်၊ နောက်ပြီး အောက်ကျင်းရေပိုင်းလို့ ခေါ်တာပေါ့နော်။ အဲဒီဘက်ခြမ်းမြုပ်တယ်။ ပြီးတော့ မုဒုံဝင်းကပိုဘက်မှာတော့ ရေတော့တက်တယ်။ ဒါပေမယ့် ထမင်းထုပ်ပို့တဲ့ အခြေအနေလောက်ထိ မရောက်သေးဘူးလို့ ပြောရမယ်။ မနေ့ ညနေပိုင်း (၃)နာရီခွဲ (၄)နာရီ လောက်ကတော့ ဒီမုဒုံကြုံဖိုက်ကုန်းဆင်းလေးမှာ တံတားမှာတစ်ချက်လောက်ကျော်တယ်။ ယာဉ်ပိတ်ဆို့မှုတော့ နာရီဝက်၊ တစ်နာရီလောက်ထိတော့ ဖြစ်သွားတာပေါ့နော်။ မိုးနည်းနည်းပြန်ပါးတော့ သူကရေပြန်ကျသွားတယ်။ လက်ရှိကတော့ မနေ့ကမှရေစမြုပ်တဲ့ အခါကျတော့ ဘုန်းကြီးကျောင်းတစ်ကျောင်းမှာပေါ့။ ရေပိုင်းက ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ ရေဘေးတွေကတော့ အိမ်ခြေ (၄၅) (၅၀)လောက်ကတော့ ပြောင်းရွှေ့ထားပြီးသွားပြီးခင်ဗျ။ အဲဒီမှာက လူပေါင်းကတော့ လောလောဆယ် (၂၀၀)လောက်တော့ ရောက်နေတယ်”လို့ ဆိုပါတယ်။

သံဖြူဇရပ်နဲ့ ရေးမြို့နယ် ရေကြီးရေလျှံမှုမှာတော့ ရေဘေးသင့်ပြည် ၅၀၀ ကျော်ကို ရေဘေးလွတ် ဘုန်းကြီးကျောင်းတွေနဲ့ ကုန်းမြင့်ပိုင်းတွေကို ပြောင်းရွှေ့ထားရပါတယ်။

ဒါပေမဲ့ ရေဘေးသင့်ပြည်သူတွေဟာ စစ်ကောင်စီရဲ့ အကူအညီတွေကို တစ်စုံတစ်ရာရရှိတာမရှိဘဲ ကိုယ်ထူကိုယ်ထ ပြောင်းရွှေ့နေရတယ်လို့ သိရပါတယ်။ “ကယ်ဆယ်ရေးအနေနဲ့ကတော့ အပြင်အဖွဲ့အစည်းတွေကပဲ ရပ်ကွက်ထဲမှာဟိုလိုက်ကယ်၊ ဒီလိုက်ကယ်လုပ်နေရတာ။ ရေမြုပ်နေတဲ့ရွာတွေ ချက်ပြုတ်စားသောက်လို့မရတဲ့ နေရာတွေမှာတော့ ထမင်း ထုပ်တွေ ဝေပေးနေတယ်။ လောလောဆယ် ရွှေ့ပြောင်းရမယ့်လူတွေလည်းရှိပါတယ်။ နေရာပြင်ဆင်ထားတာမရှိတော့ သူတို့တွေ ရွှေ့ပြောင်းလို့မရဘူးဖြစ်နေတယ်” လို့ သံဖြူဇရပ်မြို့နယ်လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ပေါင်မြို့နယ် ရေကြီးရေလျှံမှုမှာ ကားလမ်းရေကျော်တာ ဖြစ်ပွားခဲ့သလို ဇူလိုင် ၁၈ ရက်နေ့ နေ့လည်ပိုင်းမှာတော့ ဥတ္တံတားကျေးရွာ ချောင်းထဲမှာ ထင်းလိုက်ဆယ်ရာကနေ အမျိုးသားတစ်ဦး ရေစီးနဲ့မျောပါ ပျောက်ဆုံးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မွန်ပြည်နယ်ဟာ နှစ်စဉ်ရေကြီးရေလျှံတာနဲ့ သဘာဝဘေးပြဿနာကို ရင်ဆိုင်ကြုံတွေ့နေရပြီး ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်တုန်းက ဖြစ်ပေါ်ခဲ့တဲ့ ရေကြီးရေလျှံတာနဲ့ တောင်မြေပြိုမှုမှာတော့ ဒေသခံ ၇၀ နီးပါး သေဆုံးထားတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ- Bo Bo Win

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.