ကော့ကရိတ်၊ ဇူလိုင်(၂၀)

စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ ကရင်ပြည်နယ် ကော့ကရိတ်မြို့ပေါ်ကို လက်နက်ကြီးကျရောက် ပေါက်ကွဲခဲ့တဲ့အတွက် အရပ်သားပြည်သူ ၇ ဦး ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဇူလိုင် ၁၉ ရက်နေ့ မနက် ၇ နာရီဝန်းကျင်က ကော့ကရိတ်အခြေစိုက် စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ(၉၇) ၊ ခရိုင်ရဲတပ်ဖွဲ့ရုံးရဲဝင်းနဲ့ ခနိမ့်မူး အမှတ် ၃ ဂိတ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို KNLA ပူးပေါင်းတပ်က ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။

အဲဒီတိုက်ခိုက်မှုကြောင့် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု တစ်နာရီနီးပါးကြာ ဖြစ်ပွားပြီးနောက် ကော့ကရိတ်မြို့တွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ပါတယ်။

လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ကော့ကရိတ်မြို့ အမှတ် ၇ ရပ်ကွက်နေ ဦးရူပါ၊ ဦးသိန်းဝင်း၊ ဒေါ်ရွှေ၊ အမှတ် ၂ ရပ်ကွက်နေ ဒေါ်သန်းသန်း၊ ဒေါ်လှမြင့်တို့အပါအဝင် အမျိုးသား ၃ ဦးနဲ့အမျိုးသမီး ၄ ဦးထိခိုက်ဒဏ်ရာရခဲ့တာပါ။

ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ အရပ်သားပြည်သူတွေကို လူမှုကယ်ဆယ်ရေးအဖွဲ့ အကူအညီနဲ့ ကော့ကရိတ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်အပြင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့ဘက်ကလည်း ထိခိုက်ဒဏ်ရာရတာ ရှိနေတယ်လို့ သိရပေမယ့် မြေပြင် အခြေအနေအသေးစိတ်ကို သံလွင်တိုင်းမ်အနေနဲ့ ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့မေလတုန်းကလည်း ကော့ကရိတ်မြို့တွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် စစ်ဘေးရှောင်ရာကနေ နေအိမ်ပြန်လာတဲ့ သက်ကြီးလင်မယား ၂ ဦးလက်နက်ကြီး ထိမှန်သေဆုံးထားတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-စစ်ကောင်စီဝါဒဖြန့်ချန်နယ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.