ဘီးလင်း၊ ဇူလိုင်(၁၉)

မွန်ပြည်နယ် ဘီးလင်းမြို့နယ်အဝင် ရွှေသံလွင်တိုးဂိတ်ဟောင်းအနီးမှာ စစ်ကောင်စီတပ်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် PDF ဆိုပြီး ဖမ်းဆီးသွားတဲ့ လူငယ် ၃ ဦးဟာ PDF တွေမဟုတ်ဘဲ အဟောင်းပစ္စည်းရောင်းဝယ် လုပ်ကိုင်သူတွေသာဖြစ်တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁၇ ရက်နေ့ နေ့လည် ၂ နာရီလောက်မှာ သထုံဘက်ကနေ ဘီးလင်းဘက်ကို ဆိုင်ကယ်တစ်စီးနဲ့လာတဲ့ လူငယ် ၃ ဦးကို စစ်ကောင်စီတပ်က PDF တွေဆိုပြီး ဖမ်းဆီးသွားခဲ့တာပါ။

ဖမ်းဆီးခံလိုက်ရတဲ့သူတွေဟာ ဘီးလင်းမြို့နယ် တောင်စွန်းကျေးရွာနေ အသက် ၂၀ အရွယ် မောင်စက်ပိုင်စိုး၊ အသက် ၁၉ နှစ်အရွယ် မောင်ခန့်ဇင်ကိုနဲ့ မခင်မေလတ်တို့ ၃ ဦး ဖမ်းဆီးခံလိုက်ရတာ ဖြစ်ပါတယ်။

PDF ဆိုပြီး ဖမ်းဆီးခံလိုက်ရတဲ့သူတွေဟာ သထုံနဲ့ဘီးလင်းမြို့နယ်အတွင်း အဟောင်းပစ္စည်း လိုက်ဝယ်သူတွေသာဖြစ်တဲ့အတွက် စစ်ကောင်စီတပ်ရဲ့ ပြောဆိုမှုအပေါ် ပြည်သူတွေအကြား ရယ်စရာ ဖြစ်တယ်လို့ တောင်စွန်းဒေသခံတစ်ဦးက ပြောပါတယ်။

စစ်တပ်လော်ဘီ တယ်လီဂရမ်အကောင့်တွေမှာတော့ ဖမ်းဆီးခံလိုက်ရတဲ့ လူငယ် ၃ ဦးဟာ သစ်ချတောင် PDF တပ်ဖွဲ့ဝင်တွေဖြစ်တယ်လို့ ဝါဒဖြန့်တာတွေ ရှိနေပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီတပ်ဟာ ဖမ်းဆီးထားတဲ့ လူငယ် ၃ ဦးကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မတွေနဲ့ အမှုဖွင့်အရေးယူဖို့ စီစဉ်နေတယ်လို့ စစ်ကောင်စီနဲ့ နီးစပ်သူတွေထံကနေ သိရပါတယ်။

ပြီးခဲ့တဲ့နှစ်ဆန်းပိုင်းတုန်းကလည်း စစ်ကောင်စီတပ်ဟာ ဘီးလင်းမြို့နယ်ထဲကရွှေတွင်းကို အလုပ်သွားမယ့် အမျိုးသား၊ အမျိုးသမီး ၂၀ ကျော်ကို PDF တွေဆိုပြီး ဖမ်းဆီးခဲ့ပါသေးတယ်။

သတင်း- သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.