ကြာအင်းဆိပ်ကြီး၊ ဇူလိုင်(၁၉)

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်ထဲမှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံ ရဲစခန်းအပါအဝင် ဌာနဆိုင်ရာရုံးတချို့နဲ့ စစ်ကောင်စီစစ်ကြောင်း၊ စခန်းတွေကို ပြီးခဲ့တဲ့ တစ်ပတ်အတွင်း တိုက်ခိုက်ခဲ့တဲ့ ပူးပေါင်းစစ်ဆင်ရေးမှာ စစ်ကောင်စီဘက်က ၅ ဦး သေဆုံးခဲ့တယ်လို့ အထူးစစ်ဆင်ရေးတပ်ဖွဲ့ S.O.F က ထုတ်ပြန်ပါတယ်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ S.O.F ၊ Cloud Wings ဒရုန်းတပ်ဖွဲ့နဲ့ Federal Wings ဒရုန်းတပ်ဖွဲ့တို့ပူးပေါင်းပြီး ကြာအင်းဆိပ်ကြီးမြို့မှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံ မြို့နယ်ရဲစခန်း၊ ထွေအုပ်ရုံး၊ မြေစာရင်းရုံးတွေအပြင် ကြာအင်းဆိပ်ကြီးမြို့ နယ်အတွင်းရှိ စစ်ကောင်စီရဲ့ ခုတ်ခွားစခန်းနဲ့ ခုတ်ခွားစခန်းကို စစ်ကူလာတဲ့ ခမရ(၅၅၈)၊ ခမရ (၄၃၂)တပ်စစ်ကြောင်းတွေကို တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ဇူလိုင် ၁၁ ရက်နေ့ကနေ ဇူလိုင် ၁၆ ရက်နေ့အထိ KNLA ပူးပေါင်းအဖွဲ့တွေက နေ့စဉ်ဒရုန်း၊ လက်နက်ကြီး၊ လက်နက်ငယ်မျိုးစုံ အသုံးပြုပြီးတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီလက်အောက်ခံ တပ်သား ၅ ဦး သေဆုံးပြီး ၁၀ ဦးထက်မနည်း ပြင်းထန်ဒဏ်ရာရရှိခဲ့ပါတယ်။

အဲဒီစစ်ဆင်ရေးအတွင်း ကြာအင်းဆိပ်ကြီးမြို့နယ်ရဲစခန်း၊ ထွေအုပ်ရုံးနဲ့ မြေစာရင်းရုံးတို့လည်း ကြေ မွပျက်စီးသွားခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ပါရှိပါတယ်။

ကြာအင်းဆိပ်ကြီးမြို့ရှိ ရဲစခန်း၊ ထွေအုပ်ရုံးနဲ့ မြေစာရင်းရုံးတွေကို ပူးပေါင်းတပ်ဖွဲ့တွေရဲ့ ဒရုန်းနဲ့ တိုက်ခိုက်မှုအတွင်း မြို့မရဲစခန်းက ရဲဒုတပ်ကြပ်တစ်ဦးသေဆုံးပြီး ရဲတပ်သားတစ်ဦး ဒဏ်ရာပြင်း ထန်စွာရရှိခဲ့တယ်လို့ ကြာအင်းဆိပ်ကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကလည်း ထုတ်ပြန်ထားပါတယ်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဘက်က လေယာဉ်တွေနဲ့ ဗုံးလာကြဲတာ၊ လက်နက်ကြီး (၁၂၀ မမ)၊ (၈၁ မမ)၊ (၆၀ မမ)တွေနဲ့ နေရာအနှံ့ ရမ်းသမ်းပစ်ခတ်သွားခဲ့ပြီး KNLA တော်လှန်ရေးအင်အား စုအဖွဲ့တွေဘက်က ရဲဘော်တစ်ဦး ဒဏ်ရာရရှိသွားခဲ့ကာ လက်နက်ခဲယမ်းပစ္စည်းတွေ ထိခိုက်ဆုံးရှုံးမှု တစ်စုံတစ်ရာမရှိခဲ့ကြောင်း S.O.F က ထုတ်ပြန်ထားပါတယ်။

ကြာအင်းဆိပ်ကြီးမြို့နယ်၊ ခလယ်တံခွန်တိုင်ကျေးရွာအုပ်စု၊ ပုလိန်ကျေးရွာဘက်မှာလည်း အင်အား (၉၀)နီးပါးရှိတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းက စစ်ရေးဝင်ရောက်လှုပ်ရှားလာတဲ့အတွက် နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း အရပ်သားပြည်သူတချို့ စစ်ကောင်စီရဲ့ သတ်ဖြတ်မှုကိုခံခဲ့ရသလို အရပ်သား(၂၀) ခန့်ကိုလည်း လူသားဒိုင်းအဖြစ် စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေထံကနေ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ- S.O.F

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.