သရက်ချောင်း၊ ဇူလိုင်(၁၈)

တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်၊ ရငဲရွာနဲ့ကျွဲမင်းကုန်းကျေးရွာကြား မြွေတောင်အနီးမှာ စစ်ကောင်စီတပ် ကြားဖြတ်တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေထံကနေ သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁၆ ရက်နေ့ နေ့လည် ၂ နာရီအချိန်လောက်မှာ ပုလောဘက်ကဆင်းလာတဲ့ တပ်အင်အား ၆၀ နီးပါးတဲ့ စစ်ကောင်စီတပ်ကား ၂ စီးကို ဒေသကာကွယ် ရေးပူးပေါင်းတပ်ဖွဲ့က သတင်းအရ စောင့်ဆိုင်းတိုက်ခိုက်ခဲ့တာပါ။

အဲဒီတိုက်ခိုက်မှုအတွင်း နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု ၁၅ မိနစ်နီးပါးကြာ ဖြစ်ပွားပြီးနောက် စစ်ကောင်စီဘက်က ချက်ချင်းပြန်လည် ဆုတ်ခွာသွားတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးကပြောပါတယ်။

နှစ်ဖက်ပစ်ခတ်မှုကြောင့် ရငဲ၊ ကမြိုင်၊ ကျွဲမင်းကုန်းကျေးရွာတွေက ဒေသခံတချို့ ယာယီထွက်ပြေးတိမ်းရှောင်တာတွေရှိခဲ့ပြီး ပစ်ခတ်မှုပြီးနောက် ကျေးရွာတွေမှာ ပြန်လည်နေထိုင်နေကြပြီလို့ သိရပါတယ်။

အဲဒီနေ့ မနက် ၆ နာရီအချိန်ကလည်း လောင်းလုံးမြို့နယ် ခမောင်းတောင်ကျေရွာထဲ အသုံးအဆောင် ပစ္စည်းတွေလာယူတဲ့ စစ်ရှောင်ဒေသခံ အသက် ၄၀ အရွယ် ဦးသာထူးကို စစ်ကောင်စီတပ်က သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

နှစ်ဖက်စစ်ရေးတင်းမာနေတဲ့ တနင်္သာရီတိုင်းထဲမှာ ပြီးခဲ့တဲ့ဇွန်လအတွင်း တိုက်ပွဲတွေအပြင် စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူလူထု (၃၀၀၀၀) နီးပါးထွက်ပြေးတိမ်းရှောင်နေရတာဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-ဒေသကာကွယ်ရေးတပ်ဖွဲ့

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.