နေပြည်တော်၊ ဇူလိုင်(၁၈)

စစ်တပ်အာဏာသိမ်းချိန်ကတည်းက ဒီကနေ့အချိန်ထိ နှစ်နှစ်ကျော်ကြာ ဖမ်းဆီးထောင်ချခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုအသုံးချဖို့ စစ်ကောင်စီ ကြိုးပမ်းလာတယ်လို့ နိုင်ငံရေးအကဲခတ်တွေက ပြောပါတယ်။

ထောာင်ဒဏ်အနှစ် ၃၀ ကျော် ပြစ်ဒဏ်ချမှတ်ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပြီးခဲ့တဲ့ ဇူလိုင် ၉ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံခွင့်ရခဲ့တယ်လို့ ထိုင်းနိုင်ငံဒုတိယဝန်ကြီးချုပ်လည်းဖြစ်တဲ့ နိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမုဒ်ဝိနိုင်းက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း သူတို့နှစ်ဦးတွေ့ဆုံမှု မှန်ကန်ကြောင်းနဲ့ ဘာတွေဆွေးနွေးကြလဲဆိုတာ အသေးစိတ်မသိရဘူးလို့ ဇူလိုင် ၁၃ ရက်နေ့က အတည်ပြုထားပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးကောင်းမွန်ပြီး တွေ့ဆုံဆွေးနွေးရေးကို အားပေးကြောင်း ဇူလိုင် ၁၂ ရက်နေ့က အာဆီယံအစည်းအဝေးအပြီး သတင်းထောက်တွေကို ဖြေဆိုခဲ့ပြီး အသေးစိတ်ပြောဆိုတာတော့ မရှိခဲ့ပါဘူး။

ဝါရင့်နိုင်ငံရေးသမားတစ်ဦးဖြစ်တဲ့ ဦးဖေသန်းကတော့ ဒေါ်အောင်ဆန်းစုကြည်ကို ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံခွင့်ပေးတာဟာ အသုံးချဖို့သက်သက်သာဖြစ်တယ်လို့ ဝေဖန်တာပါ။

“ဒေါ်အောင်ဆန်းစုကြည်ကိုလည်း သူတို့ (စကစ) အနေနဲ့ အသုံးချဖို့ သက်သက်ပဲပွဲထုတ်တာ ဖြစ်တယ်လို့မြင်တယ်။ စိတ်ရင်းစေတနာနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးမယ်ဆိုတဲ့ အခြေအနေမျိုး မရှိနိုင်သေးဘူး။ ဘာလို့ဆိုသူတို့က ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးဇာတ်ခုံပေါ်ကနေ ထွက်သွားအောင် လုပ်ချင်တဲ့ဆန္ဒအမြဲတမ်းရှိတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုသာ လွတ်လွတ်လပ်လပ် သွားလာခွင့်ပေးပြီးတော့ လွတ်လွတ်လပ်လပ် နိုင်ငံရေးလှုပ်ရှားခွင့်ပေးမယ်ဆိုတဲ့ အတိုင်းအတာအထိ သူတို့မှာသတ္တိမရှိသေးဘူး”လို့ သူက ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းကျစဉ်ကာလတွေအတွင်း နိုင်ငံခြားသံတမန်တွေ၊ နိုင်ငံတကာအဖွဲ့အစည်းအထူးကိုယ်စားလှယ်တွေနဲ့ တွေ့ခွင့်ပြုတဲ့ စစ်ကောင်စီရဲ့နည်းလမ်းဟာ အရင်စစ်အစိုးရအဆက်ဆက်ကျင့်သုံးခဲ့တဲ့ နည်းလမ်းမျှသာ ဖြစ်နေတာပါ။

သုတေသနအဖွဲ့ တစ်ခုဖြစ်တဲ့ ISP-Myanmar ကလည်း ၁၉၈၉ ခုနှစ်ကစပြီး ၂၀၂၃ ခုနှစ်အတွင်း ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ချထားတဲ့အချိန် ဒါမှမဟုတ် အကျဉ်းချထားချိန်တွေမှာ နိုင်ငံတကာသံတမန်တွေနဲ့ တွေ့ခွင့်ပြုခဲ့တာ ၁၂ ကြိမ်ထက်မနည်း ရှိခဲ့ပေမယ့် အဲဒီတွေ့ဆုံမှုတွေကြောင့် မြန်မာ့နိုင်ငံရေးဟာ အကျပ်အတည်းကနေ ထွက်ပေါက်အလှည့်အပြောင်းကို မရှေးရှုစေခဲ့ဘူးလို့ ဆိုထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သမ္မတရုံးပြောခွင့်ရ ဦးကျော်ဇော်က စစ်ကောင်စီအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုလွှတ်ပြီး ဟန်ဆောင်ဆွေးနွေးပွဲတွေလုပ် နိုင်ငံရေးအမြတ်ထုတ်ဖို့ ကြိုးစားပေမယ့် သူ့အနေနဲ့ လူထုနဲ့တိုင်းပြည်အပေါ် ကင်းကွာတဲ့အလုပ် လုပ်မှာမဟုတ်ဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“နွေဦးတော်လှန်ရေးအတွက် ဘာမှစိုးရိမ်စရာမရှိဘူး။ စစ်ကောင်စီကတော့ ကလိန်ကကျစ်အမျိုးမျိုးလုပ်မှာပဲ။ ဒေါ်အောင်ဆန်းစုကြည်တို့၊ ဦးဝင်းမြင့်တို့ကို လွှတ်ကောင်းလည်းလွှတ်မယ်။ အကျယ်ချုပ်ပို့ချင်လည်းပို့မယ်။ အခု NCAထိုးထားတဲ့ အဖွဲ့တွေနဲ့ ဟန်ဆောင်ဆွေးနွေးပွဲတွေ လုပ်ပြီးတော့ နိုင်ငံရေးအမြတ်ထုတ်ဖို့ ကြိုးစားမှာပဲ။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်က အင်မတန်လူထုအပေါ်မှာ သစ္စာရှိတယ်၊ တိုင်းပြည်အပေါ်မှာ သစ္စာရှိတယ်။ သူ့အနေနဲ့လူထုနဲ့ ကင်းကွာတဲ့အလုပ်မျိုးလုပ်မှာမ ဟုတ်ဘူးဆိုတာ ကျွန်တော်တို့ယုံကြည်ပါတယ်”လို့ သူက ဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ကတော့ ပြည်သူလူထုရဲ့ လိုလားတောင့်တချက်နဲ့အညီ ချမှတ်ထားတဲ့ တော်လှန်ရေးပန်းတိုင်၊အနာဂတ်ဖက်ဒရယ်ရည်မှန်းချက်နဲ့ စံနှုန်းတွေကို ခိုင်ခိုင်မာမာစွဲကိုင်ရပ်တည်ပြီး အောင်ပွဲရတဲ့အထိ မမှိန်မသုန်မယိမ်းမယိုင် ဆက်လက်ကြိုးပမ်းသွားမယ်လို့ ကတိပြုထားပါတယ်။

တစ်ဖက်မှာလည်း နှစ်နှစ်ကျော်ကြာချမှတ်ထားတဲ့ အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ဖို့ တိုက်တွန်းလာနေသလို မြန်မာ့အရေး အဖြေရှာဖို့ သက်ဆိုင်သူအားလုံးပါဝင်တဲ့ တွေ့ ဆုံဆွေးနွေးရေးကိုသွားဖို့ အချိန်ကျပြီလို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက ထုတ်ပြောထားတာပါ။

စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင်တပ်ရင်း (၂၇) ရဲ့ တပ်ရေးအရာရှိတစ်ဦးကတော့ စစ်ကောင်စီအနေနဲ့ ကျပ်တည်းနေလို့ ကယ်ပေါက်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးနိုင်ပေမယ့် နွေဦးတော်လှန်ရေး အဖြေမဟုတ်တဲ့အတွက် လက်နက်ကိုင်တိုက်ပွဲဝင်နေရဦးမယ်လို့ ပြောပါတယ်။

“အကြမ်းဖက်စစ်ကောင်စီက နိုင်ငံခေါင်းဆောင်ကို ပြန်လွှတ်ပေးပြီးတော့ နိုင်ငံရေးဆွေးနွေးပွဲလုပ်မယ်ဆိုရင် စကစဘက်က ကျပ်တည်းနေလို့ ကယ်ပေါက်တစ်ခုအနေနဲ့ ဖော်ဆောင်တာလို့ မြင်တယ်။ တော်လှန်ရေးကို သွေးကွဲအောင်လုပ်တဲ့ ထောင်ချောက်တစ်ခုလို့ပဲ မြင်တယ်။ နွေဦးတော်လှန်ရေးမှာ ပြည်သူတွေရဲ့ ဟစ်ကြွေးသံတွေကို အကြမ်းဖက်စစ်ကောင်စီ မင်းအောင်လှိုင်က ကြားမှာပါ။ မတရားဖမ်းဆီးခံရတဲ့ နိုင်ငံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တစ်ယောက်တည်းလွှတ်ပေးတာ ကျွန် တော်တို့ သက်ဆိုင်သူတွေရဲ့ နွေဦးတော်လှန်ရေးအဖြေမဟုတ်တဲ့အတွက် အားလုံးမျှော်လင့်တဲ့ ဖက်ဒရယ်ပြည်ထောင်စုဆီရောက်ဖို့ လက်နက်ကိုင် တိုက်ပွဲဝင်နေရဦးမှာဖြစ်တယ်”လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ အရေးပေါ်ကာလသက်တမ်းကလည်း ဇူလိုင် ၃၁ ရက်နေ့မှာ ကုန်ဆုံးတော့မှာဖြစ်တာကြောင့် အညင်သာဆုံးဖြစ်မယ့် နည်းလမ်းကိုရွေးချယ်ပြီး အရေးပေါ်ကာလသက်တမ်းကို ထပ်တိုးနိုင်တယ်လို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ကြပါတယ်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက ခေါ်ယူခဲ့တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးမှာ နိုင်ငံတဝန်း လုံခြုံရေးနဲ့တည်ငြိမ်ရေးအတွက် အလေးထားလုပ်ဆောင်ရမယ့်အချက်တွေ လိုအပ်နေသေးတယ်ဆိုပြီး အရေးပေါ်သက်တမ်းတိုးယူဖို့ လေသံပစ်နေတာပါ။

သုတေသနအဖွဲ့အစည်းဖြစ်တဲ့ ISP-Myanmar ရဲ့ အချက်အလက်တွေအရ အာဏာသိမ်း နှစ်နှစ်ကျော်ကာလအတွင်း နိုင်ငံတဝန်းတိုက်ပွဲပေါင်း ၉၅၀၀ ကျော်အထိ ဖြစ်ပွားခဲ့တယ်လို့ ဇွန် ၃၀ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

သတင်း- သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.