ရေး- ဇူလိုင်(၁၈)

မိုးသည်းထန်စွာသွန်းပြီး တောင်ကျရေ လိမ့်ဆင်းမှုကြောင့် မွန်ပြည်နယ် ရေးမြို့နယ် ဟံဂံကျေးရွာအတွင်း ရေကြီးရေလျှံမှုဖြစ်ပွားနေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဒီနေ့ ဇူလိုင် ၁၈ ရက်နေ့ မနက် ၃ နာရီအချိန်ကစပြီး ဟံဂံကျေးရွာအတွင်းသို့ ရေ‌တွေ စတင်ဝင်ရောက်ကာ အနိမ့်ပိုင်း ရပ်ကွက်‌ တွေမှာ ရေကြီးရေလျှံတာနဲ့ လမ်းရေကျော်မှု ဖြစ်ပွား‌နေတာပါ။

ရေကြီးရေလျှံမှုကြောင့် ဟံဂံကျေးရွာအနိမ့်ပိုင်းရပ်ကွက် နေထိုင်သူတချို့ ရေဘေးလွတ်ရာ နေရာတွေကို ပြောင်းရွေ့ထားပြီး အများစုက အ‌ခြေအနေကို စောင့်ကြည့်နေကြတယ်လို့ သိရပါတယ်။

ဟံဂံဒေသဟာ နှစ်စဉ်မိုးတွင်းကာလတိုင်း တောင်ကျရေ လိမ့်ဆင်းမှုကြောင့် ရေကြီးရေလျှံမှု ဖြစ်ပွားနေတာ ဖြစ်ပါတယ်။

ဒီနေ့ မနက်ပိုင်းမှာလည်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မုဒုံ – သံဖြူဇရပ်ကားလမ်း မုဒုံမြို့နယ် နှီးပဒေါကျေးရွာအနီးမှာ လမ်းရေကျော်မှု ဖြစ်ပွားနေပြီး မနက် ၈ နာရီလောက်မှာတော့ ကားတချို့ ဖြတ်သန်းသွားလာ‌‌နေကြပြီလို့ ခရီးသွားတွေထံကနေ သိရပါတယ်။

သတင်း- သံလွင်တိုင်းမ်

ဓါတ်ပုံ – Banyar Aung Myat Thu, Kyaw Win

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.