မော်လမြိုင်၊ ဇူလိုင်(၁၈)

အာဏာသိမ်းစစ်ကောင်စီရဲ့ မလိုလားအပ်တဲ့ ကန့်သတ်ချက်တွေကြောင့် ပြည်ပနိုင်ငံတွေက ရော်ဘာဝယ်ယူမှု သိသိသာသာ ကျဆင်းလာပြီးနောက် ဈေးကွက်ပျက်တဲ့ အခြေအနေတွေအထိ ဖြစ်ပေါ်ခဲ့တယ်လို့ မွန်ပြည်နယ်အတွင်းရှိ ရော်ဘာလုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မွန်ပြည်နယ်ကထွက်ရှိနေတဲ့ ရော်ဘာတွေကို တရုတ်၊ ထိုင်းအပါအဝင် အိန္ဒိယ၊ တောင်ကိုးရီးယား၊ မလေးရှားနဲ့ စင်ကာပူနိုင်ငံတို့ကို နယ်စပ်လမ်းကြောင်းအပြင် ပင်လယ်ရေကြောင်းလမ်းမှတဆင့် အဓိက တင်ပို့ရောင်းနေရတာ ဖြစ်ပါတယ်။

ရော်ဘာကဏ္ဍဟာ စစ်ကောင်စီရဲ့ ကုန်သွယ်မှုကန့်သတ်ချက်တွေအပြင် ပို့ကုန်ရငွေတွေကို သတ်မှတ်ဈေးနှုန်းအတိုင်း လဲလှယ်ရမယ်ဆိုတဲ့ ကန့်သတ်ချက်တွေကြောင့် ဈေးကွက်အတွင်း ကမောက်ကမ ဖြစ်ပြီး ဈေးကွက်မဖွင့်နိုင်တဲ့ အခြေအနေတွေနဲ့ ကြုံခဲ့ရတာပါ။

စစ်ကောင်စီကတော့ ပို့ကုန်ရငွေရဲ့ ၆၅ ရာခိုင်နှုန်းကို မဖြစ်မနေလဲလှယ်ဖို့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလတုန်းက ညွှန်ကြားခဲ့တာဖြစ်ပြီး အဲဒီညွှန်ကြားချက်ကို ဖြေလျှော့တဲ့အနေနဲ့ အခုလမှာ ၅၀ ရာခိုင်နှုန်းသာ လဲလှယ်ဖို့ ပြောင်းလဲသတ်မှတ်ခဲ့တာပါ။

ဒါပေမဲ့ ရော်ဘာကဏ္ဍဟာ စစ်ကောင်စီရဲ့ မူဝါဒအလွဲအမှားတွေကြောင့် ပြီးခဲ့တဲ့ ရော်ဘာရာသီမှာ ဈေးကွက်ပျက်ခဲ့သလို အခုအခါမှာလည်း ဈေးကွက်မဖွင့်နိုင်တော့တဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ ရော်ဘာလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

“ကျွန်တော်ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ ဈေးကွက်က ဒီနှစ်လုံးဝပျက်သွားတယ်။ ဟိုးအရင်နှစ်တွေက တရုတ်၊ အိန္ဒိယ၊ ကိုရီယားစသဖြင့်ပေါ့ဗျာ။ ဝယ်ကြတယ်။ ပြီးခဲ့တဲ့ (၂၀၂၂-၂၀၂၃) ဘတ်ဂျက်ထဲမှာ ဒီရော်ဘာရာသီမှာ ရော်ဘာရဲ့ထုတ်ကုန်အပေါ်မှာ ဗဟိုဘဏ်ရဲ့ မူဝါဒ (၆၅) (၃၅) ရာခိုင်နှုန်းနဲ့ယူတဲ့ အချိန်ကစပြီးတော့ တရုတ်၊ ကိုရီယား ၊ အန္ဒိယအပါအဝင်ပေါ့ လုံးဝ အရောင်းအဝယ် ရပ်တန့် သွားတယ်။ ပြီးခဲ့တဲ့ရာသီတ လျှောက်လုံးမှာတော့ တော်တော်အခြေအနေဆိုးသွားတယ်။ တောင်သူတွေက ဈေးအမှန်မရတော့ဘူးပေါ့ဗျာ။ တကယ့်ဈေးက ဥပမာ (၁၈၀၀)လောက်ရှိရင် ကျွန်တော်တို့ဆီမှာ (၁၄၀၀) (၁၅၀၀) ဒီလောက်ပဲရတော့တယ်၊ ဒါတောင် ယိုးဒယားကနေပြီးတော့ တရားဝင်နည်းလမ်းနဲ့ရော တရားမဝင်တဲ့နည်းလမ်းနဲ့ပါ ဝယ်ပေးတာ၊ အဲဒီဈေးကွက်တစ်ပေါက်ရှိနေလို့သာ ရော်ဘာခြံရှင်တွေက နည်းနည်းရှင်သန်နိုင်တာပေါ့။ ယိုးဒယားတစ်ပေါက်သာ ပိတ်သွားရင်တော့ ပြီးခဲ့တဲ့ ရာသီမှာတော့ ရော်ဘာခြံတောင်သူတွေအတွက်တော့ မတွေးဝံ့စရာပေါ့ဗျာ၊ ဈေးကွက်မရှိဘူးပေါ့”လို့ ဆိုပါတယ်။

လက်ရှိကာလဟာ ရော်ဘာရာသီပိတ်သိမ်းကာလဖြစ်ပေမယ့် လက်ကျန်ရော်ဘာတွေကို ပြည်ပနိုင်ငံတွေက မှာယူမှုကျဆင်းနေတဲ့အတွက် အရောင်းအဝယ် ရပ်နားထားရတယ်လို့ ရော်ဘာလုပ်ငန်းရှင်တွေက ပြောပါတယ်။

ပြည်ပနိုင်ငံတွေက ရော်ဘာဝယ်ယူမှု ကျဆင်းလာတာဟာ စစ်ကောင်စီရဲ့ မူဝါဒအလွဲအမှားတွေအပြင် ရော်ဘာအရည်အသွေးကျဆင်းလာမှုနဲ့ အဓိကသက်ဆိုင်နေတာဖြစ်ပြီး စစ်ကောင်စီဘက်က ရော်ဘာအရည်အသွေးအတွက် ကူညီဆောင်ရွက်မှု မရှိသလောက် နည်းပါးနေတာပါ။

ရော်ဘာလုပ်ငန်းရှင်တစ်ဦးကတော့ ပြီးခဲ့တဲ့ ရော်ဘာရာသီမှာ သွင်းအားစုတွေကို ဈေးကြီးပေးဝယ်ရပေမယ့် စစ်ကောင်စီရဲ့ မူဝါဒတွေကြောင့် သတ်မှတ်ဈေးနှုန်းအတိုင်းမရတဲ့အတွက် အကျိုးအမြတ်မရှိကြဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ရော်ဘာမှာက ပြီးခဲ့တဲ့နှစ်က ကျွန်တော်တို့က (၁)ပေါင်ဆိုလို့ရှိရင် (ဝ.၆) ဒေါ်လာလောက်ရရှိခဲ့တာတွေရှိခဲ့တယ်။ ဒါပေမယ့် ဒီနှစ်မှာတော့ ကျွန်တော်တို့က သွင်းအားစုတွေကလည်းဈေးကြီးကြီးနဲ့ ပေးဝယ်ရတယ်။ ကျွန်တော်တို့ (၆၅) (၃၅) တောင်းတဲ့အခါကျတော့ (ဝ.၆) ဒေါ်လာလက်ရှိပေါ့။ မြေပြင်မှာ ကျွန်တော်တို့က အစိုးရသတ်မှတ်ဈေး (၂၁၀၀) ထက်ကို ကျွန်တော်တို့ မပြောဘူး၊ မြေပြင်မှာ ဖြစ်နေတာက အခုဆိုလို့ ရှိရင် (၃၁၀၀) ဖြစ်နေတဲ့ အချိန်မှာ (ဝ.၆) ဆိုလို့ ရှိရင် ကျွန်တော်တို့က (၁၆၀၀) (၁၇၀၀)လောက် ဖြစ်တဲ့အချိန်မှာ ကျွန်တော်တို့က တကယ့်တောင်သူတွေ ရနေတာက (၁၅၀၀)တောင် မရဘူးဗျ၊ (၁၅၀၀) (၁၆၀၀)တောင် မရခဲ့ဘူးပေါ့နော်။ ဒါကြောင့်မို့ ကျွန်တော်တို့အတွက်က တောင်သူတွေအတွက်က ထင်သလောက်မရတဲ့ နှစ်တစ်နှစ်ပေါ့ ကျွန်တော်တို့က”လို့ ဆိုပါတယ်။

တရုတ်နဲ့ထိုင်းဈေးကွက်ကို အဓိကမှီခိုနေရတဲ့ မွန်ပြည်နယ်ရဲ့ ရော်ဘာကဏ္ဍဟာ စစ်ကောင်စီရဲ့ ကန့်သတ်ချက်တွေအပြင် ရော်ဘာအရည်အသွေး ကျဆင်းမှုကြောင့် ဈေးကွက်ပျက်ကိန်းဆိုက်လာခဲ့တာ ဖြစ်ပြီး အဲဒီနိုင်ငံတွေက ရော်ဘာဝယ်ယူမှု ရပ်နားလိုက်ပါက ဈေးကွက်ပျောက်မယ့် အခြေအနေနဲ့ ကြုံနေရတာပါ။

တဖက်မှာတော့ ရော်ဘာစိုက်တောင်သူတွေဟာ စစ်တပ်အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်နေတဲ့ သွင်းအားစုဈေးနှုန်း လေးဆကျော်မြင့်တက်မှုကြောင့် သွင်းအားစုတွေ မထည့်နိုင်တဲ့အတွက်လည်း အထွက်နှုန်းနည်းပြီး တောင်သူတချို့ အရှုံးပေါ်ခဲ့တာပါ။

လက်ရှိမှာတော့ ရော်ဘာတွေဟာ မိုးရာသီဖြစ်တဲ့အတွက် ရော်ဘာခြံတွေ ပိတ်သိမ်းထားကြတာကြောင့် ဈေးကွက်အတွင်း အရောင်းအဝယ်တွေ ရပ်တန့်နေသလို လက်ကျန်ရှိတဲ့ လုပ်ငန်းရှင်တွေသာ ရောင်းဝယ်မှု အနည်းငယ်ရှိနေတယ်လို့ သိရပါတယ်။

မွန်ပြည်နယ်ဟာ ရော်ဘာစိုက်ဧက ငါးသိန်းကျော်ရှိတဲ့ ပြည်နယ်တစ်ခုဖြစ်ပြီး နှစ်စဉ်ရော်ဘာတန်ချိန် တစ်သိန်းကျော်ထွက်ရှိနေကာ ရော်ဘာကဏ္ဍကနေ အမေရိကန်ဒေါ်လာသန်းနဲ့ချီ ရရှိနေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.